မြေလတ်အသံ၊ ဇွန် ၁၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့စစ်ကာင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တာကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဇွန် ၁၈ ရက်ဒီကနေ့မှာ PPDF-၃၆၀၁ တပ်ရင်း ကထုတ်ပြန်ပါတယ်။
အင်အား ၁၀၀ ခန့်ပါအဆိုပါစစ်ကြောင်းကို နွားသိုးရွာနဲ့ နွေးတောင်ရွာကြားမှာ ဇွန် ၁၆ ရက် မနက် ၁၀ နာရီ မိနစ် ၅၀ ကနေ ၁၂ နာရီ ၁၅ မိနစ်ထိ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း စနိုက်ပါအဖွဲ့နဲ့ တပ်ရင်းစစ်ကြောင်းတို့က ၄ နာရီကြာတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။



“စကစ သေဆုံးတာကို တိုက်ပွဲအတွင်း မျက်မြင်တွေ့ခဲ့ရတာနဲ့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ မီးရှို့ထားတဲ့အလောင်းတွေကြည့်ပြီးအတည်ပြုနိုင်တာပါ”လို့ ၃၆၀၁ တပ်ရင်းမှ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ Shadow ကပြောပါတယ်။
သေဆုံးစစ်ကောင်စီတပ်သား ၄ ဦးရုပ်အလောင်းကို တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက နွားသိုးကျေးရွာဝင်ရောက်မီးရှို့ချိန် နေအိမ်တွေနဲ့အတူမီးရှို့ထားခဲ့တယ်လို့ တာဝန်ခံ Shadow က ဆိုပါတယ်။



စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမီးရှို့ခဲ့တာကြောင့် နွားသိုးကျေးရွာက နေအိမ် ၆ လုံးနဲ့ နွေးတောင်ကျေးရွာက နေအိမ် ၃ လုံး မီးလောင်ပြာကျခဲ့ပြီး လက်ရှိမှာတော့အဲ့ဒီစစ်ကြောင်းဟာ ပေါက်ခေါင်းမြို့ဘက်ကို ပြန်သွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း