myaelatt athan

Sharing Information to the Local

ချောင်းဦးမြို့ထဲဝင်မယ့်စစ်အုပ်စု မိုင်းဆွဲခံရပြိး ၁၃ ဦးခန့်သေဆုံးဟုဆို

စစ်ကိုင်း၊ ဇန်နဝါရီ ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အရှေ့မြောက်ဖက်ရှိ လက်ပံတောရအနီးမှာ ချောင်းဦးမြို့ထဲဝင်ဖို့ဦးတည်လာတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရလို့ ၁၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၄ ရက်မနေ့ ညနေ ၃ နာရီဝန်းကျင်မှာ မုံရွာဘက်ကနေ ချောင်းဦးမြို့ထဲကို ခြေလျင်ဝင်လာတဲ့ စစ်ကောင်စီအင်အား ၅၀ ခန့်ကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chaung U Revolution အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“သူတို့က လမ်းအတိုင်းမလာဘဲ ခြေလျင်စစ်ကြောင်းနဲ့လာတာကို ဒီဘက်အဖွဲ့တွေကစောင့်ပြီး မိုင်းဆွဲခဲ့တာ။ ဖြစ်တဲ့နေရာက မြို့နားနီးတယ်၊ လူနေအိမ်ခြေတွေနဲ့လည်းနီးတော့ မိုင်းဆွဲပြီး ပြန်ဆုတ်လာခဲ့တယ်။ ထိခိုက်သေဆုံးသိရတာကတော့ ဒေသခံတွေဆီကနေ အတည်ပြုတာပါ။ ညပိုင်းထိ သူတို့အလောင်းတွေကို လာမကောက်ကြတာ။ ညနည်းနည်းနက်မှ လာကောက်သွားတယ်လို့ သိရတယ်”လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာတွေလုပ်ခဲ့ပြီး သေဆုံးအလောင်းတွေကိုတောင် ချက်ချင်းမကောက်ဘဲ မြို့ထဲကိုပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဇန်နဝါရီလ ၁၀ ရက်နေ့လည်ပိုင်းမှာလည်း ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာကို ရေကြောင်းကနေ အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်ကို ချောင်းဦးမြို့နယ်ရှိတော်လှန်ရေးအဖွဲ့တွေက ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။