myaelatt athan

Sharing Information to the Local

မြောင်နဲ့ချောင်းဦးမှာ အညာဆောင်းဒဏ်ခံနေရတဲ့ စစ်ရှောင်တသောင်းကျော် အရေးပေါ်အကူညီတွေ လိုအပ်နေ

စစ်ကိုင်း၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက သက်ကြီးရွယ်အို၊ ကလေးငယ်များအပါအဝင် စစ်ဘေးရှောင် မီးဘေးရှောင်ဒေသခံတွေအနေနဲ့ အညာဆောင်းဒဏ်ကြောင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့အတူ ဆေးဝါး၊ အနွေးထည်၊ ခြုံစောင်အပြင် အခြားသောအရေးပေါ်အကူညီတွေ များစွာလိုအပ်နေတယ်လို့ မြောင်လူငယ်ကွန်ရက် YFC Myaung ရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

“စစ်ကောင်စီဘက်က အညာကို တောက်လျှောက်ဖိနှိပ်နေတာ၊ ဒီလထဲ (ဒီဇင်ဘာလ)မှာကို ၆၀ မမ၊ အီနာဂါတွေနဲ့ အကြောင်းမဲ့ရွာတွေကို ပစ်ခတ်တာ၊ ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်နေလို့ ဒေသခံပြည်သူတွေရဲ့အိမ် တသောင်းကျော် မီးလောင်ဆုံးရှုံးခဲ့သလို သောင်းနဲ့ချီတဲ့ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စစ်ဘေးရှောင်ဦးရေ ထောင်ကျော် အကူအညီတွေ လိုအပ်နေတာ”လို့ သူကဆက်ပြောပါတယ်။

အလားတူ ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းဝန်းကျင်က စစ်ရှောင်နေရတဲ့ကျေးရွာတွေက လူဦးရေ ၁ သောင်းကျော်ဟာလည်း အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

“အရင်ရက်တွေကလည်း လက်နက်ကြီးနဲ့ထုလို့ စစ်ရှောင်ပြည်သူတယောက် ထိထားတယ်ဗျ။ ပြည်သူတွေ ရွာပြန်မကပ်ရတာက အရမ်းကြာနေပြီ။ ရဲစခန်းနဲ့က သိပ်မဝေးဘူး။ ပျူရွာဖြစ်တဲ့ ကံကြီးကုန်းပတ်ဝန်းကျင်နဲ့အမြင့်(ရဲစခန်း)ပေါင်းလိုက်ရင် ၆ ရွာဝန်းကျင်လောက်ဟာ ဒီဇင်ဘာလ ၂၃ရက် လောက်ကတည်းက ရှောင်နေရတာဆိုတော့ စစ်ရှောင်လူဦးရေကသောင်းနဲ့ချီမှာပေါ့နော်” လို့ Eagle Brother Revolution Force.KUG-တပ်ခွဲ ၂ က သတင်းတာဝန်ခံက ပြောပါတယ်။

ဒီဇင်ဘာလအတွင်း ပစ်ခတ်မှုတွေကြောင့် မြောင်ကစစ်ဘေးရှောင်တထောင်ကျော်ဟာ တောထဲမှာ သွားရောက်ရှောင်တိမ်းနေရပြီး ရက်သတ္တပါတ်ကျော်လာခဲ့တာကြောင့် အခက်အခဲတွေဖြစ်နေပြီး ချောင်းဦးမြို့နယ်ထဲက စစ်ရှောင် တသောင်းကျော်ကိုတော့ ဒေသခံအဖွဲ့အသီးသီးက ရိက္ခာရှာဖွေရှာဖွေစုဆောင်းပြီး ဖြန့်ဝေနေရတာမို့ အကူညီတွေကတော့ အများကြီးလိုနေတယ်လို့ ဒေသခံအဖွဲ့အစည်းတွေထံက သိရပါတယ်။

စစ်ဘေးရှောင်တွေထဲမှာ အဘိုးအဘွားတွေ၊ ကလေးသူငယ်တွေ အများဆုံးပါဝင်တာကြောင့် ကျန်းမာရေးထိခိုက်လာကြသလို ဆေးဝါး၊ အမိုးအကာနဲ့ ခြုံထည်တွေ လိုအပ်နေတာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလ ၁၁ ရက်ကစပြီး စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ပိဋကတ်ကျရွာ၊ မုတ်စီရွာ၊ ဒီပဲယင်းမြို့နယ်က မဲအိုးကျေးရွာ၊ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ ချောင်းပေါက်ကျေးရွာတွေကို မီးတင်ရှို့ခဲ့ပြီး ဒီပဲယင်းနဲ့ရေဦးဘက်ကိုလည်း စစ်ကြောင်းတွေခွဲပြီး မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မီးရှို့လို့ စစ်ကိုင်းတိုင်းထဲက နေအိမ်ပေါင်း ၃ သောင်းနီးပါး မီးရှို့ခံခဲ့ရပြီး၊ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ဘေးရှောင်ဦးရေ တသိန်းဝန်းကျင်အထိ ရှိလာနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) သုတေသန အဖွဲ့အစည်းရဲ့ မှတ်တမ်းတွေက ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ချောင်းဦးမြို့နယ်၊ အမြင့်နဲ့ ကံကြီးကုန်းရွာမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ရှိနေသေးလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာရပ်ကျေး ပအဖ၊ ပကဖ ဒေသခံ တော်လှန်ရေးအင်အားစုတွေရဲ့ ခွင့်ပြုချက်မရဘဲ မိမိရပ်ရွာတွေကို အရဲစွန့်ဝင်ရောက်တာတွေ မပြုလုပ်ကြဖို့ ချောင်းဦး(ပကဖ)အဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်မနေ့က မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။