ဘန်ကာ ၃ ခုသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး
မြေလတ်အသံ၊ ဇွန် ၁၂၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်မကြီးကန်ရွာမှာတပ်စွဲနေတဲ့ ပျူစောထီးနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၅ ဦး သေဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
အင်အား ၅၀ ခန့်ရှိ အနောက်မကြီးကန်ရွာက ပျူစောထီးအထိုင်စခန်းတွေကို ဇွန် ၁၀ ရက် မနက် ၅ နာရီခန့်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁ နာရီခွဲကြာတိုက်ပွဲဖြစ်ပွားခဲ့ကာ ကျေးရွာအတွင်းက ပျူစောထီးဘန်ကာ ၃ ခုအထိသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ ဘန်ကာတွေထဲထိဝင်ပြီးပြီ။ နောက်ဆုံးဘန်ကာကျမှ ပြန်ပြီးတော့လက်လွှတ်လိုက်တာ။ ၅ ယောက်ကတော့ပစ်ရင်းခတ်ရင်း ရှေ့တင်ပဲသေသွားကုန်တာ။ သေနတ်တွေကတော့မကောက်နိုင်ဘူး အပြန်အလှန်ပစ်နေတဲ့ကြားထဲဆိုတော့” အညာမြေတပ်ပေါင်းစုမှပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မြေလတ်အသံကို ပြောပါတယ်။
အနောက်မကြီးကန်ရွာဟာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းအင်အား ၁၂၀ ဝန်းကျင်ရှိတဲ့ ရွာဖြစ်ပြီး အနီးဝန်းကျင်က ဘဲကြီး၊ ရှင်မကန်၊ အောင်သာ၊ မြစ်ခြေစတဲ့ရွာတွေကလည်း ပျူစောထီးအားကောင်းတဲ့ရွာတွေဖြစ်တာကြောင့် တိုက်ခိုက်ဖို့ခက်ခဲတဲ့ရွာဖြစ်ကာ ၎င်းရွာစစ်ကောင်စီနဲ့ပျူစောထီး ပူးပေါင်းတပ်တွေ ပေါက်နယ်အတွင်းဝင်ရောက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ လိုက်ပါသွားလို့ အင်အားနည်းနေချိန် ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
“ အချန်တွေပဲကျန်တာ ၊ ဒီအချန်တွေကိုဝင်လုံးရင် အနည်းနဲ့အများ တစ်ယောက်မှမရဘူးဆိုရင်တောင် သူတို့ရှေ့ကသွားနေတဲ့လူတွေကို အနည်းဆုံးစိတ်မသက်မသာအောင် စိတ်ဒုက္ခပေးနိုင်တဲ့ အဆင့်ကိုလုပ်တာ။ အဲ့အဆင့်ထက်ကျော်ပြီး ၅ လောင်းရခဲ့တဲ့အတွက် အကျိုးအမြတ်များများရခဲ့တာပေါ့ ” အထက်ပါတာဝန်ခံက ပြောပါတယ်။
တိုက်ခိုက်ဖြစ်ပွားနေချိန် ပခုက္ကူ၊ တပ်မ ၁၀၁ က စစ်အင်အား ၆၀ ဝန်းကျင်ပါ ကား ၃ စီးခန့်နဲ့ ဘဲကြီးနဲ့ အောင်သာရွာတွေက ပျူစောထီးတွေ စစ်ကူလာရောက်တာကြောင့် ဘန်ကာ ၃ ခု သာ သိမ်းနိုင်ခဲ့ကာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရခဲ့ကာ လက်နက်၊ ခဲယမ်းရရှိမှုမရှိခဲ့ဘဲ ပူးပေါင်းတပ်တွေဘက်ကလည်း ၂ ဦးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ယခုတိုက်ပွဲကို အညာမြေတပ်ပေါင်းစုနှင့်အတူဧရာဒေါင်းတပ်ဖွဲ့၊ နယ်စည်းမခြား(PKU)၊ PPDF၊ ကိုရေခဲနှင့်ဗလညီနောင်ခေါင်းဆောင်လူငယ်ပြောက်ကျားတပ်ဖွဲ့၊ Younth Guettilla force(Y.G.F)၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ God of Myaing၊ မုန်တိုင်းပြောက်ကျားတပ်ဖွဲ့၊ DYT ပျောက်ကြားတပ်ဖွဲ့၊ 21 bagan၊ BLY ပေါက်(ပကဖ)၊ သခင်ဖိုးလှကြီး( မကွေးခရိုင်ပကဖတပ်ခွဲ ၆) ၊ Burmese Revolution Ranger၊ PLO ပြောက်ကျားတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ