ညောင်ဦး၊ ဇွန် ၁၀၊ ၂၀၂၅။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာမှာ ကျေးရွာရာအိမ်မှူး ၁ ဦးနဲ့ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ပစ်သတ်ခံရသူတွေက ဒဟတ်ကန်ကျေးရွာ ရာအိမ်မှူး အသက် ၅၈ နှစ်အရွယ် ဦးတင်စိုး၊ အဆိုပါကျေးရွာနေ ရပ်ကျေးကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်တဲ့ ၅၂ နှစ်အရွယ် ဦးဝင်းနိုင်၊ ၃၃ နှစ်အရွယ် ဦးချမ်းသာတို့ဖြစ်ပြီး ဇွန် ၉ ရက် ယမန်နေ့မနက် ၉ နာရီကျော်မှာ နေအိမ်တွေမှာရှိနေချိန် ပစ်သတ်ခံရတာလို့ ဆိုပါတယ်။
” အဲ့ဘက်ခြမ်းမှာ စခန်းတွေဝင်စီးခံရတာကော သေနတ်တွေ ဆုံးရှုံးခံရတာတွေအရင်ကရှိခဲ့တယ်။ ခုဟာ အရင်ကတိုင်တဲ့ ဒလန်တွေ၊ ပျုတွေကို ရှင်းတာလို့တော့ သိရတယ်”လို့ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
သေနတ်နဲ့ပစ်ခံရတာတွေကြောင့် ရာအိမ်မှူးနဲ့ကြံ့ခိုင်ရေးပါတီဝင် ၂ ဦးတို့မှာ ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့နေရာမှာပဲ သေဆုံးသွားကြတယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ညောင်ဦးမြို့နယ်ပကဖတာဝန်ခံထံ မြေလတ်အသံက ဆက်သွယ်ခဲ့ရာ ၎င်းမှာ ခရီးထွက်နေတာကြောင့် အခြေအနေကို မသိရှိသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ ရာအိမ်မှူးနဲ့ကြံ့ခိုင်ရေးပါတီဝင်တွေကို PDF ၈ ဦးက လာရောက်ပစ်သတ်ခဲ့လို့ သေဆုံးခဲ့ရပြီး ဦးဝင်းနိုင်ပိုင်ဆိုင်တဲ့ ကား ၂ စီးကိုလည်း ယူဆောင်သွားကြတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။
ဇွန် ၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက် ဇရပ်မှာရှိနေတဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ကို ထနောင်းမြေစစ်ကြောင်းအဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ အုပ်ချုပ်ရေးမှူးအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ