ပဲခူးရိုးမက တိုက်ပွဲ ၁၁ ကြိမ်မှာ စစ်ဗိုလ်မှူးအပါ ၂၀ ကျော်သေပြီး PDF ၃ ဦးကျ

ပဲခူး၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၂။

ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တို့ ထိတွေ့တိုက်ပွဲပေါင်း ၁၁ ကြိမ်ဖြစ်ထားပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးတဦး အပါအဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒီနေ့ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)က တာဝန်ရှိသူဆီက သိရပါတယ်။

တောင်ငူခရိုင် PDF တပ်ရင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီဇင်ဘာ ၁၅ ရက်ကစတင်ပြီး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးနန္ဒအောင် ဆိုသူ အပါအဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲတွေအတွင်း တပ်ရင်း ၃၅၀၁ က တပ်ဖွဲ့ဝင် ၃ ဦးလည်း အသက်ဆုံးရှုံးခဲ့သလို တဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အမ်အေ-၂ စက်သေနတ် တလက်၊ အမ်အေ-၁ ချေမှုန်းရေးရိုင်ဖယ် ၂ လက်၊ အမ်အေ-၃ ချေမှုန်းရေးရိုင်ဖယ် ၂ လက် ၊ ၆၀ မမ ဗုံးသီး တခု၊ RPG ဗုံးသီး တခု နဲ့ ကျည်မျိုးစုံ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီက စစ်ကြောင်းထိုးနေသလို တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံစစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ဦးထက်မနည်း ဘေးကင်းရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။