myaelatt athan

Sharing Information to the Local

ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး လက်ပစ်ဗုံး ၂ လုံးသိမ်းဆည်း

ကြို့ပင်ကောက်၊ ဇွန် ၉၊ ၂၀၂၅။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဗောဓိကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးကိုပစ်ခတ်ရာ သေဆုံးခဲ့ပြီး သူ့ဆီကနေ လက်ပစ်ဗုံးပါသိမ်းဆည်းရရှိခဲ့တယ်လို့ BTZM GBK – PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ဆီက သိရပါတယ်။

ပစ်ခတ်ခံရသူဟာ အသက် ၅၀ နှစ်အရွယ် မောင်ညိမ်းဆိုသူဖြစ်ပြီး ဇွန် ၈ ရက် ညနေ ၅ နာရီခွဲခန့်မှာ လယ်ကွင်းထဲ စပါးပက်နေတဲ့အချိန် ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“မောင်ညိမ်းက ကုန်းရွာ(အနီးက)ကွင်းချောင်းမှာ တပ်အထိုင်ချထားတဲ့ စစ်ကောင်စီ(တပ်ဖွဲ့ဝင်တွေ)ကို အပြည့်အဝထောက်ပံ့တာတွေအပြင် အနီးဝန်းကျင်ပြည်သူတွေကို ဒုက္ခပေးနေတဲ့အတွက် ခုလိုသုတ်သင်ရှင်းလင်းခဲ့တာ”လို့ BTZM GBK – PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တပ်ခွဲမှူး တေဇမင်းက ပြောပါတယ်။

ဒါ့အပြင်သူဟာ စစ်မှုထမ်းဟောင်းတဦးလည်းဖြစ်ပြီး ကျေးရွာဒေသခံလူငယ်တွေကို စစ်မှုထမ်းဖို့ဆိုကာ ငွေတောင်းတာတွေရှိတယ်လို့ ဆိုပါတယ်။

“စစ်မှုထမ်းဖို့ဆိုပြီး ရွာတွေကလူငယ်ပိုင်းတွေကို အကုန်ဆွဲတယ်၊ ဆွဲပြီးလို့ ပိုက်ဆံရှိတဲ့သူတိုင်းကို သိန်း ၂၀၀ တတ်နိုင်တဲ့သူတိုင်းကို သူကိုယ်တိုင်လိုက်နုတ်(ထုတ်)ပေးတယ်၊ သူအတွက်သီးသန့်တောင်းတာလည်းရှိတယ်၊ သူ့အတွက် သိန်း ၃၀ တောင်းတယ်၊ တော်လှန်ရေးအဖွဲ့တွေက ၂၀၂၂ ခုနှစ်လောက်ကတည်က သူ့ကိုရှင်းလင်းဖို့ဆိုပြီး ပြင်ဆင်ခဲ့ကြတာ၊ သူကပါးနပ်တော့ ကျနော်တို့တော်လှန်ရေးအဖွဲ့တွေက မရှင်းလင်းနိုင်ခဲ့ဘူး၊ အခုမှရှင်းလင်းနိုင်တာ။” လို့ တပ်ခွဲမှူး တေဇမင်းကဆက်ပြောပါတယ်။

ပစ်ခတ်ပြီးနောက် သူ့ရဲ့ လွယ်အိတ်ထဲက လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရခဲ့ပြီး အလောင်းကိုတော့ပစ်ခတ်တဲ့နေရာမှာပဲ ထားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်ကလည်း ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆယ် ရေလွှတ်မြောင်းပေါင်(ဘောင်)ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို BTZM GBK PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၆ ဦးသေပြီး ၁ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။