မိုင်းဆင်ဖို့သွားတဲ့ PDF တွေ စစ်ကောင်စီတပ်နဲ့တိုးပြီး ပစ်ခံရလို့ ၃ ဦး ကျဆုံး

0 2
0 2

မကွေး၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၂။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြန်ဆိပ့်ကျေးရွာအနီးမှာ မိုင်းဆင်ဖို့သွားတဲ့ PDF တွေ စစ်ကောင်စီတပ်နဲ့တိုးပြီး ပစ်ခံရလို့ ၃ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်မနေ့ကမနက် ၁၁ နာရီလောက်မှာ မိုင်းဆင်ဖို့ကားနဲ့သွားတဲ့ ပခုက္ကူအခြေစိုက် ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ Young Force အဖွဲ့ဝင်တွေကို ကြန်ဆိပ့်ကျေးရွာအနီး ကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်တွေက အရင်တွေ့ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Young Force အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဖြစ်စဥ်က ဟုတ်တယ်။ ကလေးတွေက မိုင်းဆင်ဖို့သွားတာ။ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်ခံရတာ။ သွားတာက ၅ ဦးပါ။ ကျဆုံးကလေးတွေရဲ့အလောင်းကို စစ်ကောင်စီဘက်က ကားနဲ့အတူ မီးရှို့ခဲ့တာ။ မီးရှို့ခံထားရတဲ့ အလောင်းကိုဘဲ ကောက်လာပြီး နာရေးလုပ်ဖို့ ပြင်နေပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်တာကိုခံရလို့ ကားပေါ်ပါ Young Force အဖွဲ့ဝင် ၅ ဦးအနက် ၃ ဦး ကျဆုံးခဲ့ကာ ၂ ဦးမှာ ဒဏ်ရာရပြီး လုံခြုံတဲ့နေရာကို ပြန်ရောက်ပြီလို့ ဆိုပါတယ်။

ကျဆုံးရဲဘော်တွေဟာ အသက် ၁၉ နှစ်နဲ့ ၂၀ နှစ် ဝန်းကျင်တွေဖြစ်ပြီး နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လုံခြုံရေးအရ ထည့်သွင်းပြောကြားခဲ့တာမျိုး မရှိပါဘူး။

အဲဒီအပြင် အဖွဲ့ဝင်တွေကိုင်ဆောင်ခဲ့တဲ့ သေနတ် ၂ လက်၊ လက်လုပ်မိုင်းကြီး ၄ လုံးနဲ့ ကားတစီးလည်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ရေစကြိုနယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက်တာတွေ ရှိနေတာပါ။

ဒီဇင်ဘာလ ၁၈ ရက်ညနေပိုင်းကလည်း ရေစကြိုမြို့နယ်၊ ကျောက်ထပ်ကျေးရွာအနီးက PDF အဖွဲ့တခုရဲ့ လေ့ကျင့်ရေးနေရာဟောင်းကို စစ်ကောင်စီတပ်ကဝင်သိမ်းပြီး လက်လုပ်သေနတ်တွေကိုပါ သိမ်းဆည်းသွားခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။