myaelatt athan

Sharing Information to the Local

NUG ထိန်းချုပ်နယ်မြေက ဆေးရုံဗုံးကြဲခံရပြီး အမျိုးသမီး ၂ ဦးသေဆုံး

စဉ့်ကူး၊ ဇွန် ၉၊ ၂၀၂၅။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက် ကျေးရွာကဆေးရုံကို ဇွန် ၉ ရက် ဒီမနက် ၅ နာရီကျော်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ချိန် ဆေးရုံအနီးရှိ ရွာစျေးမှာ စျေးဝယ်နေတဲ့ အသက် ၂၀ အရွယ် ညီအစ်မ ၂ ဦးသေဆုံးခဲ့ကာ နောက်ထပ် ၂ ဦးတို့ ဒဏ်ရာရရှိခဲ့တာလို့ မြေပြင်အခြေအနေကိုသိရှိတဲ့ ဒေသခံအမျိုးသားတဦးကပြောပါတယ်။

“အဲ့မှာ တယောက်ပွဲချင်းပြီးသေတာ။ နောက်တယောက်က ဆေးရုံရောက်မှသေတာ။ ဆေးရုံနဲ့ စျေးက အနည်းငယ်တော့ဝေးပေမယ့် ဗုံးအစတွေတော့ လွှင့်စင်နိုင်တဲ့အနေအထားမှာရှိပါတယ်။ ဒဏ်ရာသူနှစ်ယောက်ကတော့ ကျား၊ မခွဲခြားမသိရသေးပါဘူး”လို့ သူကဆိုပါတယ်။

ကျည်တောက်ပေါက်ရွာရှိ တိုက်နယ်ဆေးရုံမှာ စဉ့်ကူးမြို့သိမ်းတိုက်ပွဲဖြစ်ကတည်းက လက်ရှိထိန်းချုပ်ထားချိန်ထိ ပိတ်သိမ်းထားတာဖြစ်ပေမယ့် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဥ် ၁ စီး နဲ့ ပေါင် ၂၅၀ ဗုံးသီး ၁ လုံးကြဲချခဲ့တာလို့ အထက်ပါအမျိုးသားကပြောပါတယ်။

မန္တလေးမြို့နဲ့ မိုင် ၅၀ ကျော်ကွာဝေးတဲ့ စဉ့်ကူးမြို့နယ်ကို မန္တလေး PDF က ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း ၂၀၂၄၊ ဇူလိုင်လအတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နယ်မြေတခုလုံးကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန် ၃ ရက်ကလည်း စဉ့်ကူးမြို့ပေါ် ရှိ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို တိုက်ခိုက်ရေးလေယာဥ်နဲ့ဗုံးကြဲခဲ့တာကြောင့် ကျောင်းဆောင် ၂ ခုပျက်စီးခဲ့တယ်လို့သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။