myaelatt athan

Sharing Information to the Local

ရွှေဘိုက ပျူစောထီးအဖွဲ့ဝင်တွေရဲ့ ရှင်ပြုအလှူ ဒရုန်းဗုံးချခံရ ကလေး ၁ ဦးသေဆုံး အများအပြားဒဏ်ရာရ

0 0
0 0

ရွှေဘို၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာမှာပြုလုပ်တဲ့ ရှင်ပြုအလှူပွဲ ဒရုန်းနဲ့ဗုံးချခံရလို့ ကလေး ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်က ပန်းရံကျေးရွာဘုန်းကြီးကျောင်းမှာ ကျေးရွာပျူစောထီးခေါင်းဆောင် အောင်ကျော်ရဲ့ ညီမဖြစ်သူပြုလုပ်တဲ့ ရှင်ပြုအလှူပွဲ မနက် ၁၀ နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးချခံခဲ့ရတာလို့ဆိုပါတယ်။

” ပန်းရံက ပျူအားကောင်းတဲ့ရွာ။ ချတာကတော့ တခါတည်းချတာ။ ၂ လုံးလား ၃ လုံးလားတော့မသိဘူး။ ဖြစ်စဥ်ကမှန်တယ်။ အလှူကလည်း ပျူအလှူပါ။ ရှင်ပြုအလှူပါ “လို့ ရွှေဘိုခရိုင်ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒရုန်းဗုံးကျလို့ အလှူပွဲမှာရှိနေတဲ့ ကလေး ၁ ဦးသေဆုံး၊ အများအပြားဒဏ်ရာရခဲ့ပြီး သေဆုံးထိခိုက်သူတွေရဲ့အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပန်းရံကျေးရွာဟာ ပျူစောထီးခေါင်းဆောင် အောင်ကျော် ဦးစီးတဲ့ လက်နက်ကိုင်ပျူစောထီးအဖွဲ့ဝင် ၃၀ ကျော်နဲ့ ထိန်းချုပ်ထားတဲ့ကျေးရွာဖြစ်ပြီး ဒေသတွင်း ပျူစောထီးအားကောင်းတဲ့ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

ဒရုန်းဗုံးနဲ့တိုက်ခိုက်မှုကို ရွှေဘိုခရိုင်PDFတပ်ရင်းတခုက လုပ်ဆောင်ခဲ့ကြောင်းသိရပြီး တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေသိရှိနိုင်ရေး အဆိုပါရွှေဘိုခရိုင်တပ်ရင်းကို ဆက်သွယ်မေးမြန်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ ကျေးရွာဘုန်းကြီးကျောင်းမှာပြုလုပ်နေတဲ့ ရှင်ပြုအလှူကို PDF တွေဘက်က ဒရုန်းနဲ့ဗုံးလာချလို့ မောင်ရှင်လောင်း အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရတယ်လို့ ဖော်ပြကြပါတယ်။

ဒရုန်းဗုံးကျလို့ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ရွှေဘိုပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း ပန်းရံကျေးရွာ ပျူစောထီးအဖွဲ့ဝင် ၁ ဦးရဲ့ မင်္ဂလာဆောင်ဒရုန်းဗုံးချခံရပြီး ၂ ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။