အုတ်တွင်း၊ ဇွန် ၇၊ ၂၀၂၅။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အထက်ခပေါင်းဆည်ရေလွှဲတမံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်စခန်းကို တိုက်ခိုက်မီးရှို့ခဲ့ပြီးနောက် လက်နက် ၄ လက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းခဲ့တယ်လို့ ဇွန် ၆ ရက်မှာ A.D.G Brothers အဖွဲ့က ထုတ်ပြန်ပါတယ်။
ခပေါင်းဆည်ပေါ်မှာ စစ်အာဏာမသိမ်းမီအချိန်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်နဲ့ တပ်စွဲစခန်းချထားတာဖြစ်ပြီး အဲဒီစခန်းကို ဇွန် ၃ ရက်မနက် ၅ နာရီကျော်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တိုက်ပွဲက ၂ နာရီလောက်ကြာခဲ့တယ်။ သူတို့(စကစ)တွေက စခန်းဘေးကတောထဲကိုပြေးဆင်းတာ အချိန်မရတော့လို့ မလိုက်တော့တာ။ စခန်းနားမှာတော့ အလောင်း ၃ လောင်းတွေ့တာ။ မိမိတို့ဘက်ကတော့ ၂ ယောက်ဒဏ်ရာရတယ်မစိုးရိမ်ရဘူး”လို့ A.D.G Brothers မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးခဲ့ပြီးနောက် ရှင်းလင်းရေးဝင်လုပ်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၃ လောင်း၊ G3 သေနတ် ၃လက်နဲ့ MA 11 သေနတ် ၁ လက်၊ အီနာဂါ ၅ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာအင်္ကျီ ၂ ထည်တို့ကို သိမ်းဆည်းရရှိခဲ့ကာ စခန်းကိုမီးရှို့ခဲ့တယ်လို့ သူကဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် ဇွန် ၄ ရက်မှာ ခပေါင်းဆည်စခန်းအနီးရှိ အမှတ် ၆ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ ခလရ ၄၈ တပ်တို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးခဲ့တာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ နောက်ထပ်အင်အားထပ်ဖြည့်ပြီး အင်အား ၁၀၀ ခန့်နဲ့ ဇွန် ၇ ရက်ဒီကနေ့အထိ ခပေါင်းဆည်ဘက်ကို စစ်ကြောင်းထိုးလာနေတာကြောင့် တိုက်ပွဲဖြစ်မယ့်အခြေအနေရှိနေတယ်လို့ သိရပါတယ်။
စာတည်း – လင်း