myaelatt athan

Sharing Information to the Local

ငလျင်ကြောင့် အိုးဘိုထောင်က နိုင်ငံရေးအကျဥ်းသား ၄၉ ဦးသေဆုံး

မန္တလေး၊ ဇွန် ၇၊ ၂၀၂၅။

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး၊ အိုးဘိုထောင်က အဆောက်အအုံပြိုကျပြီး နိုင်ငံရေး အကျဥ်းသူ၊အကျဥ်းသား ၄၉ ဦးသေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် PPNM က သေဆုံးသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်မှာရှိတဲ့ အိုးဘိုအကျဥ်းထောင်အတွင်းက အလုပ်ရုံ၊ အမျိုးသမီးဆေးရုံအဆောင် ၁၊ ၃ စတဲ့ အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပြီး နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၄၉ ဦးသေဆုံးသွားခဲ့ တယ်လို့ သိရပါတယ်။

သေဆုံးသွားခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူတွေရဲ့ တချို့မိသားစုဝင်တွေဟာ ငလျင်ကြောင့် သေဆုံးသွားခဲ့တယ်လို့ မသိရှိခဲ့ရတာကြောင့် သက်ပျောက်ဆွမ်းတောင်မကပ်လိုက်ရဘူးလို့ ဆိုပါတယ်။

“တချို့မိသားစုဝင်တွေကလည်း သေဆုံးသွားတာ သိတယ်။ ရုပ်အလောင်းတွေကတော့ မရလိုက်ကြဘူး။ စစ်ကောင်စီတွေကပဲ သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ကြားထားပါတယ်။ တချို့ကတော့ မိမိရဲ့ သားသမီးဆုံးပါးသွားတာ မသိရသေးတဲ့မိသားစုဝင်တွေလည်း ရှိပါတယ်။ မသိရှိရသေးတဲ့သူတွေအနေနဲ့ ရက်လည်ဆွမ်းကျွေးကောင်းမှုကုသိုလ်လုပ်ရဖို့ နာမည်နဲ့တကွ ထုတ်ပြန်တာ ဖြစ်ပါတယ်။”လို့ PPNM ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

သေဆုံးသွားခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၄၉ ဦးဟာ အသက် ၁၈ နှစ်အရွယ်ကနေ ၅၀ ကျော်အရွယ်ထိပါဝင်ပြီး အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီး ၁၈ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

အိုးဘိုအကျဉ်းထောင်အတွင်း အဆောက်အအုံပြိုကျ၍ သေဆုံးသူ ၇၀ ဦးကျော်ရှိခဲ့ပေမယ့် PPNM ရဲ့စိစစ်စောင့်ကြည့်မှတ်တမ်းကောက်ယူမှုတွေအရ အနည်းဆုံး နိုင်ငံရေးအကျဉ််းသား၊ အကျဉ်းသူ ၄၉ ဦး ပါဝင်ခဲ့တာလို့လည်း ဆိုထားပါတယ်။

လက်ရှိအချိန်အထိ အိုးဘိုအကျဉ်းထောင်အတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် တခြားသော ပုဒ်မများနဲ့ တရားဆွဲဆိုခံထားရတဲ့ အကျဉ်းသားတွေအတွက် ကူညီထောက်ပံ့မှု များစွာလိုအပ်လျက်ရှိတာကြောင့် လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို ဖော်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေကနေ ထောက်ပံ့မှုများ ဆောင်ရွက်ပေးစေလိုတယ်လို့ PPNM က ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။