myaelatt athan

Sharing Information to the Local

စစ်မှုထမ်းစုဆောင်းပေးတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

0
0

လက်ပံတန်း၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ဆီက သိရပါတယ်။

လက်ပံတန်းမြို့နယ်၊ မှောင်အင်းအုပ်စု အုပ်ချုပ်ရေးမှူး သန်းဦး ကို ဖေဖော်ဝါရီ ၂၄ ရက် ဒီမနက် ၈ နာရီ လောက်မှာ ရန်ကုန်-ပြည်လမ်းပေါ်ရှိ လွှစင်ကုန်းတာဆုံမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူက ပြောပါတယ်။

“သတင်းအရ ရဲဘော်တွေ လွှစင်ကုန်းတာဆုံမှာစောင့်နေတုန်း အုပ်ကြီးကဆိုင်ကယ် ၁ စီး၊ ပျူစောထီးနဲ့ ရာအိမ်မှူးက ဆိုင်ကယ် ၁ စီး အတူစီးလာကြတာတွေ့ပါတယ်။ ပစ်ကွင်းထဲရောက်တော့ အုပ်ကြီးကို သေနတ်နဲ့ ၁၂ ချက်ပစ်တာ ရင်ဘတ်နဲ့ ခေါင်းတွေရော တခြားနေရာတွေရောမှန်ပြီး နေရာတင် သေပါတယ်။” လို့ သူကပြောပါတယ်။

သူနဲ့အတူလာတဲ့ ပျူစောထီးနဲ့ ရာအိမ်မှူးကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး ပစ်ခတ်ပြီးနောက် ဦးသန်းဦးဆီကနေ လက်ပစ်ဗုံး ၂ လုံး၊ ငွေသားကျပ် ၁ သိန်း၊ ဆိုင်ကယ် ၁ စီး၊ စည်းတံဆိပ်တုံး ၂ ခု၊ မှတ်ပုံတင် ၂ ခု၊ စစ်မှုထမ်းနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့တယ်လို့ အထက်ပါ တာဝန်ရှိသူကပြောပါတယ်။

ဦးသန်းဦးဟာ လူငယ်တွေကိုစစ်မှုထမ်းအတွက်စုဆောင်းတာ၊ လက်ပစ်ဗုံးကိုင်ဆောင်ပြီး ဒေသခံတွေကိုခြိမ်းခြောက်တာ၊ ကာကွယ်ရေးတပ်တွေကိုစိန်ခေါ်ပြောဆိုတာတွေရှိပြီး သူ့ကြောင့်ဖမ်းဆီးခံရသူ အနည်းဆုံး ၁၀ ဦးလောက်ရှိတယ်လို့လည်း ဆိုပါတယ်။

သူဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကတည်းက အုပ်ချုပ်ရေးမှူးလုပ်နေသူဖြစ်သလို မှော်အင်းရွာရဲ့ ပျူစောထီးခေါင်းဆောင်တဦးလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ထောက်တိုင်တွေကို အရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ၎င်းတို့အနီးမှာသွားလာနေထိုင်တာတွေ လုံဝမပြုလုပ်ဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ဟာ ဆားချောင်းရွာမှာနေထိုင်တဲ့ ထောက်ကြန့်အုပ်စုအုပ်ချုပ်ရေးမှူး ဝင်းလှိုင်နဲ့ ပျူစောထီး ကတုံး (ခ) ဇော်မင်းထွန်းကိုလည်း ပစ်ခတ်ရာသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။