မင်းကင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေ၊ ပျူစောထီး ၁ ဦးအဖမ်းခံရ

0 2
0 2

မင်းကင်း၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅။

ဖေဖော်ဝါရီ ၂၂ ရက်က မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းက သင်တောရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄ ဦးသေပြီး ပျူစောထီး ၁ ဦးကို ဖမ်းမိတယ်လို့ မင်းကင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ Upper Chindwin Liberation Army-UCLA ရဲ့ ပြန်ကြားရေးက ပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်းဟာ မင်းကင်းမြို့နယ် အုတ်နဲပုတ်ရွာမှ တော်လှန်ရေးတပ်ဖွဲ့ ကင်းစခန်းတခုဖြစ်တဲ့ ဗိုလ်သံလုံးကင်းစခန်းကို ဝင်စီးပြီးနောက် စစ်‌ကြောင်းဆက်ထိုးလာချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ၁၂ ဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့တာလို့ သူကဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းမိထားတဲ့ ပျူစောထီးဆိုသူ အသက် ၄၇ အရွယ် အမျိုးသားဟာ ပန်းဆက်ရွာမှာ အိမ်ထောင်ကျနေသူဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က ရွာထဲမှာပျူစောထီးဖွဲ့ဖို့စည်းရုံးတဲ့အခါ ပါဝင်ခဲ့တာလို့ ကနဦးထွက်ဆိုချက် ဗီဒီယိုမှတ်တမ်းမှာ တွေ့ရပါတယ်။

နေ့လယ် ၁၁ နာရီကတည်းက ထိတွေ့တိုက်ပွဲစပြီး စစ်ကောင်စီတပ် အရေးနိမ့်နေချိန် ဂျက်ဖိုက်တာ ၁ စီးက ဗုံးသီး ၄ လုံးကြဲကာ လေကြောင်းပစ်ကူပေးရင်း ညနေ ၅ နာရီခွဲမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဆုတ်သွားခဲ့တယ်လို့ UCLA ရဲ့ ပြန်ကြားရေးက ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဆီကနေ သေနတ် ၅ လက်၊ ကျည်ဘောက် ၁၁ ခု၊ ဗုံးသီး ၂ လုံး၊ ကျည်တောင့် ၁၀၀ ကျော်၊ စကားပြောစက် ၂ လုံး၊ ဖုန်း ၁ လုံးနဲ့ ဆေးကဒ် ၅ ကဒ်ကို ရခဲ့တယ်လို့လည်း UCLA ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာက သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီစစ်ကြောင်းဆုတ်သွားပြီးနောက် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး နောက်ထပ် ၆ ဦး သေတယ်လို့ သတင်းရကြောင်းလည်း ထုတ်ပြန်ချက်က ဆိုပါတယ်။ မြေလတ်အသံက ၄ ဦးသေတာကို အလောင်းပုံနဲ့တကွ အတည်ပြုရပြီး ထပ်သေတဲ့ ၆ ဦးကိုတော့ အတည်ပြုမရသေးပါ။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။