ဆော၊ ဇွန် ၆ ၊၂၀၂၅။
မကွေးတိုင်း၊ ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၅ ရက် နေ့လယ် ၂ နာရီခန့်မှာ ညောင်ကန်ကျေးရွာက ရခိုင်ပြည်နယ်ကိုထွက်ခွာမယ့် ကုန်တင်ကားတွေရပ်နားထားတဲ့နေအိမ်ကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံး ၁ လုံးကြဲချခဲ့ရာ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။



” (ကုန်တင်)ကားတွေထားတဲ့ အိမ်ပေါ်တည့်တည့်ကြီးကိုကျတာ။ အဲ့ဒီအိမ်မှာကကုန်သည်တွေပဲ စုနေကြတာ။ ရခိုင်ကိုထွက်မယ့်ကားတွေ”လို့ ဆောမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
လေယာဥ်ဗုံးကြောင့် (အမည်စိစစ်ဆဲ) ရခိုင်ကုန်သည်အမျိုးသား ၁ ဦး၊ ကုန်ကားမောင်းနှင်သူ ကိုဝင်းစိုး၊ ကုန်တင်ကုန်ချလုပ်သား ကိုကျော်သက် တို့ ၃ ဦးနေရာမှာ သေဆုံးခဲ့ကြကာ နောက်ထပ်အမျိုးသား ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီထဲက ၅ ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။


ဒါ့အပြင် ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်ဝန်းအတွင်းရှိ ကုန်ပစ္စည်းတွေတင်ဆောင်တဲ့ ၆ ဘီးကား ၂ စီးနဲ့ ဂျက်ပလူးအမျိုးအစား ကား ၁ စီး မီးလောင်ပျက်စီးခဲ့သလို နေအိမ်ပါပြိုကျပျက်စီးခဲ့တယ်လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။
သေဆုံး ရခိုင်ကုန်သည်အမျိုးသားရဲ့ ရုပ်အလောင်းကို အခင်းဖြစ်နေရာကနေ ရခိုင်ပြည်နယ်ကို သယ်ယူသွားတယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့မေ ၁ ရက်ကလည်း အညာကတင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် ၈ နှစ်အရွယ်ကလေး ၁ ဦးအပါ အမျိုးသမီး ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ