myaelatt athan

Sharing Information to the Local

နွားထိုးကြီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

ပုလဲမှာ စစ်ကောင်စီတပ်ကြပ် ၁ ဦး ပစ်ခတ်ခံရလို့သေဆုံးပြီး သေနတ် ၁ လက်ရ

မြေလတ်အသံ ၊ ဇွန် ၆ ၊ ၂၀၂၅။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

ဇွန် ၃ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ တပ်မ ၈၈ လက်အောက်ခံ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းနဲ့ နွားထိုးကြီးမြို့နဲ့ မင်းကုန်းရွာအကြားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ ဝက်လူးနယ်မြေရဲစခန်းကို ကျနော်တို့ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စစ်ကူအဖြစ်ရောက်ရှိလာတဲ့စစ်ကြောင်းက စခန်းထဲဝင်ရောက်ပြီး အင်အားဖြန့်ကျက်တာတွေ၊ ခဲယမ်းဖြန့်ကျက်တာတွေ၊ ရိက္ခာဖြန့်ကျက်တာတွေလုပ်တာ။ အဲ့ဒီကနေ ပြန်ဆုတ်လာတာမှာ နွားထိုးကြီး-မင်းကုန်းရွာအနီး ကျနော်တို့ရဲ့ ရှေ့ ပွိုင့်၊ ရှေ့ကင်းနဲ့ ထိတွေ့တိုက်ပွဲငယ် အချိန်ခဏတာ အနီးကပ်ဖြစ်ခဲ့တာ” မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အလောင်း ၁ လောင်းနဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကာ အဆိုပါတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နဲ့ အမှတ် ၁၀ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်ကြပ် ၁ ဦး ပစ်ခတ်ခံရလို့ သေဆုံးပြီး ၎င်းထံကနေ BA 94 အူဇီသေနတ် ၁ လက်ရရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၉ Pale Joker PDF တာဝန်ခံက ပြောပါတယ်။

ဇွန် ၅ ရက် ယမန်နေ့မနက် ၉ နာရီခွဲဝန်းကျင်မှာ ဇီးဖြူကုန်းရွာကနေထွက်လာတဲ့ တပ်ကြပ် ၁ ဦးဟာ PDF ထိန်းချုပ်နယ်မြေပိုင်နက်အတွင်း ရောက်ရှိလာခဲ့ပြီး ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

“ ဇီးဖြူကုန်းရွာကနေ သူက သေနက် ၁ လက်နဲ့ ကျနော်တို့ဘက်ကို နယ်ကျွံလာတာ၊ ကျနော်တို့ ရဲဘော်တွေက လက်နက်ချခိုင်းတာ လက်နက်မချလို့ ဝိုင်းပစ်ခတ်ပြီးတော့ လက်နက်ကိုသိမ်းဆည်းခဲ့တာ” လို့ Pale Joker PDF တာဝန်ခံဗိုလ်ပုလဲက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူမှာ မုံရွာ နမခ မှ အသက် ၄၅ နှစ်အရွယ် တပ်ကြပ် မျိုးမင်းထက် ဆိုသူဖြစ်ပြီး ၎င်းထံကနေ အူစီသေနက် ၁ လက်နဲ့ ၉ မမ ကျည် ၃၀ တောင့် တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။