myaelatt athan

Sharing Information to the Local

ပလက်ဝတွင် ပျောက်ဆုံးနေသော ယောကျ်ားကိုရှာဖွေသည့် ဇနီး မိုင်းနင်းမိကာသေဆုံး

0
0

မြေလတ်အသံ၊ သြဂုတ် ၂၄၊ ၂၀၂၂။

တိုက်ပွဲများဖြစ်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ အမျိုးသမီးတဦးမှာ ၄ ရက်ကြာပျောက်ဆုံးနေသည့် လင်ယောင်္ကျားကို ရှာနေစဉ် ယနေ့ဩဂုတ် ၂၄ ရက်နေ့တွင် မိုင်းနင်းမိကာ သေဆုံးသွားခဲ့သည်ဟု သိရသည်။

သေဆုံးခဲ့သူမှာ ဒေါ်နန်လောင်ခမ်း ၄၃ နှစ်ဖြစ်ပြီး လင်ဖြစ်သူမှာ ဦးအေးခိုင်ဖြစ်သည်။ ၎င်းမှာ ရွာနှင့်တဖာလုံခန့်ကွာဝေးသည့် ချောင်းတဖက်ကမ်းရှိ လယ်ပြင်တွင် သေဆုံးနေခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာသားတဦးက ပြောသည်။

“သူ့မှာ ခြေထောက်တွေ၊ လက်တွေ အကုန်လုံးပြတ်သွားပါတယ်။ သွေးထွက်လွန်သွားပြီးသေတာ။ အရမ်းသနားဖို့ကောင်းပါတယ်။ လင်ကိုတွေ့မယ်ဆိုပြီးတော့ သွားရှာတာ။ အခုတော့ သူလည်း သေရရှာတယ်။ အခုတော့ သားနှစ်ယောက်နဲ့သမီးငယ်တဦးကျန်ခဲ့ပါတယ်။” ဟုဆိုသည်။

ပျောက်ဆုံးနေသူ ဦးအေးခိုင်မှာ အဘောင်သားရွာ ၏မူလတန်း(လွန်)ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ်ကြီးတဦးဖြစ်သည်။ ၎င်းမှာ ဩဂုတ် ၂၁ ရက်နေ့တွင် ပျောက်ဆုံးသွား ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ ဦးအေးခိုင်မှာ ကျေးရွာသားများနှင့် အဆက်အသွယ်မရှိသေးကြောင်း၊ မည်သို့ မည်ပုံ ပျောက်ဆုံးသွားသည်ကိုလည်း မသိရှိရသေးကြောင်း ကျေးရွာသားများကဆိုသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင်လည်း စစ်ကောင်စီက အဘောင်သားကျေးရွာမှ အုပ် ချုပ်‌ရေးမှူး ဦးသာထွန်းအောင်နှင့် ဆယ်အိမ်မှူး ဦးအောင်ထွန်း၊ ဦးသာနီအောင်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက် ဆယ်အိမ်မှူးများကိုပြန်လွှတ်ပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူးကိုမှု ဖမ်းဆီးတရားစွဲဆိုထားခဲ့သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။