တန့်ဆည်၊ ဇွန် ၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး ဗိုလ် ၁ ဦးအပါ ၈ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ထံက သိရပါတယ်။
ဇွန် ၂ ရက်မနက် ၅ နာရီကျော်မှာ အက်တောကျေးရွာအထိုင်စခန်းကနေ မီတာ ၁,၀၀၀ ခန့်အကွာရှိ သဲကုန်းကျေးရွာကို ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးကို လမ်းခုလတ်တနေရာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” ပထမဦးဆုံး စကစ ၃ ယောက် တက်လာတယ်။ ပစ်ချလိုက်တော့ သေတယ်။ အဲ့မှာ သေနတ်က ၂ လက် ပဲရတယ်။ ၁ လက်က ဘယ်ပျောက်သွားလည်းမသိဘူး။ နောက်ပိုင်း ၅ ယောက်ထပ်ကျသွားတာတော့ အလောင်းကောက်ချိန်မရလိုက်ဘူး”လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အထွေထွေအတွင်းရေးမှူး ရဲဘော် နီနီကျော်က ပြောပါတယ်။



တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၂ ပွင့်ဗိုလ်အဆင့်ရှိသူ ၁ ဦးအပါ ၈ ဦးသေဆုံးပြီး ၎င်းတို့ကိုင်ဆောင်တဲ့ ကာဘိုင်သေနတ် ၂ လက်နဲ့ ကျည်ဆံအချို့သိမ်းဆည်းရမိခဲ့တယ်လို့ PLA အတွင်းရေးမှူးက ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး လက်ကျန်စစ်ကောင်စီတပ်သားတွေမှာ သေဆုံးရုပ်အလောင်းတွေ မကောက်ယူနိုင်ဘဲ အက်တောကျေးရွာအထိုင်စခန်းကို ပြန်ဆုတ်သွားခဲ့ကြတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ တန့်ဆည်မြို့နယ်ပကဖ၊ တိုက်နယ် (၂) ပကဖ နဲ့ ရေဦးပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အင်တောကျေးရွာမှာစခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ၎င်းစခန်းကနေ အနီးဝန်းကျင်ရွာတွေဖြစ်တဲ့ အောင်သာယာ၊ ရွှေလမ်းဆုံ၊ သဲကုန်း၊ ကာဘိုး၊ ကျည်ကုန်း၊ ချဥ်မြစ်ကျင်း၊ ဝက်တိုးစတဲ့ ကျေးရွာတွေကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ