myaelatt athan

Sharing Information to the Local

ပုလဲမြို့နယ်၊ ချောင်းဦးရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့လို့ ရွာလုံးကျွတ်မီးလောင်ပြာကျ

0
0

စစ်ကိုင်း၊ မေ ၁၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချောင်းဦးရွာကို မေလ ၁၄ ရက် မနေ့ကမနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီတပ်သားတွေဟာ ချောင်းဦးရွာနဲ့ တမိုင်ခန့်ဝေးတဲ့ ဇီဖြူကုန်းရွာမှာတပ်စွဲနေတာဖြစ်ပြီး၊ မနေ့ကမနက်ပိုင်း ချောင်းဦးရွာဘက်ကို အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာချိန် လမ်းမှာဒေသခံကာကွယ်ရေးတပ်တွေနဲ့ ခဏတာ ထိတွေ့မှုဖြစ်ပြီးနောက် မနက် ၁၀ နာရီလောက်မှာ ရွာကိုစတင် မီးရှို့တာလို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

“ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့အဖွဲ့က ချောင်းဦးရွာဘက်ကို စစ်ကြောင်းထိုးလာတာ၊ ထိတွေ့မှုအနည်းငယ်ဖြစ်တယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်အဆုတ် ရွာကိုမီးတင်ရှို့တာ၊ အရင်တခါလည်းရှို့ခံထားရတာ၊ ခုလက်ကျန်အိမ်တွေကိုရှို့တာ၊ မီးမငြှိမ်းနိုင်ဘူး။ အကုန်လောင်ပြီး သူ့ဘာသာငြိမ်းသွားတာ။” လို့ ပြောပါတယ်။

ဒီတကြိမ် စစ်တပ်ကမီးရှို့တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး၊ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့အနက် ပထမ တကြိမ်မီးရှို့ချိန်မှာ အိမ်ခြေ နှစ်ရာကျော်မီးလောင်ဆုံးရှုံးခဲ့ရပြီး၊ ဒီတကြိမ်မှာတော့ ကျန်ရှိနေတဲ့အိမ်တွေအားလုံးမီးထဲပါသွားတာလို့ ဒေသခံတဦးက ဆက်ပြောပါတယ်။

“အိမ်ခြေ ၃၀၀ ကျော်၊ အရင်တခါရှို့တာက နှစ်ရာကျော်ပါ။ ကျန်တရာကျော်ကို မနေ့ကဆက်ရှို့တယ်၊ လူဦးရေ ၂ ထောင်ဝန်းကျင်ရှိတယ်။ ဒေသခံတွေ အကုန်ပြေးနေကြရတယ်။ မီးလောင်ချိန်ခန့်မှန်း ၂ နာရီခန့်ကြာတယ်။ တရွာလုံးပြာကျသွားပြီ၊ စာသင်ကျောင်းနဲ့ စာရွက်စာတန်း၊ သင်ထောက်ကူပစ္စည်းတွေ အကုန်ပါသွားတယ်။ ” လို့ ဆိုပါတယ်။

ချောင်းဦးရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင် ၂၀ ကျော်လောက်က ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အိမ်နီးချင်းရွာတွေဖြစ်တဲ့ ပန်းရွာ၊ လှော်ကား၊ ဇီးဖြူကုန်းနဲ့ အင်မထီရွာတို့ကိုလည်း ဖေဖော်ဝါလအတွင်းမှာပဲ စစ်ကောင်စီက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။