■ ရွှေဘိုခရိုင်က လူ ၁,၄၀၀ ကျော်နဲ့ အများဆုံးသေဆုံးခဲ့ပြီး မုံရွာနဲ့စစ်ကိုင်းခရိုင်တို့က အစဉ်လိုက်ရှိနေ
စစ်ကိုင်း၊ မတ် ၇၊ ၂၀၂၅။
စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းက အရပ်သား ၅,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပြည်တွင်းပဋိပက္ခဖြစ်စဉ်တွေအပေါ် သုတေသနပြုလုပ်နေတဲ့ Data For Myanmar အဖွဲ့ရဲ့ မတ် ၆ ရက် မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ဇူလိုင် ကနေ ၂၀၂၄ ဒီဇင်ဘာ အထိ ၃ နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှုတွေကို ဖော်ပြထားတာဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေကြောင့် ၃ နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းက အရပ်သား ၅,၀၄၉ ဦး သေဆုံးခဲ့ပြီး ၃,၅၂၉ ဦး ဒဏ်ရာရရှိခဲ့ကာ စုစုပေါင်း ၈,၅၇၈ ဦး ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အဲ့ဒီထဲမှာ အမျိုးသမီးနဲ့ကလေးသူငယ် ထိခိုက်သေဆုံးမှုဟာ ၂၄ ရာခိုင်နှုန်း၊ အသက် ၁၈ နှစ်အထက် အမျိုးသား ၇၀ ရာခိုင်နှုန်းပါဝင်ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်းနဲ့ မိုင်းတွေကြောင့် ထိခိုက်သေဆုံးခဲ့ရတာဖြစ်ကာ လေကြောင်းတိုက်ခိုက်မှုအတွင်း ၄၆၂ ဦး အထိသေဆုံးမှုရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
သေဆုံးမှုတွေအနက် ရွှေဘိုခရိုင်အတွင်း အရပ်သားသေဆုံးမှု ၁,၄၀၀ ကျော်နဲ့ အများဆုံးဖြစ်ပေါ်ခဲ့ပြီး မုံရွာနဲ့ စစ်ကိုင်းခရိုင်တွေမှာ ၆၀၀ ကျော်၊ ကန့်ဘလူ၊ ယင်းမာပင်နဲ့ ကလေးခရိုင်တွေမှာ ၄၀၀ ကျော်စီ သေဆုံးထားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် ဆန့်ကျင်မှုအားအကောင်းဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အဓိကပစ်မှတ်ထားထိုးစစ်ဆင်ခဲ့ပြီး မြေပြင်စစ်ကြောင်းထိုးတာ၊ လေကြောင်းကနေဗုံးကြဲတာတွေကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရမှုဖြစ်စဉ်တွေ မကြာခဏရှိခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ စစ်ကိုင်းတိုင်းအတွင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် အများအပြားအနက် ကန့်ဘလူ၊ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးမှု၊ ယင်းမာပင်၊ စုန်းချောင်းရွာခံ ၁၄ ဦးကို သတ်ဖြတ်မှု၊ မြင်းမူ လက်ထုတ္တောရွာ လူ ၃၀ ကျော်ကို သတ်ဖြတ်မှု၊ ဘုတလင် စီပါရွာခံ ၆ ဦးကို အပိုင်းပိုင်းခုတ်သတ်ဖြတ်မှုတွေဟာ ထင်ရှားတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေလည်း ဖြစ်ပါတယ်။