ပခုက္ကူ၊ မေ ၃၀၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အနောက်မြောက်ဘက်ရှိ Kamma Defence Force – KMDFစခန်း စီးနင်းမီးရှို့ခံရပြီး ကျပ်သိန်း ၅၀၀ ကျော်ဆုံးရှုံးသွားတယ်လို့ တပ်ဖွဲ့တာဝန်ခံဆီက သိရပါတယ်။
ညောင်ဂျစ်ပင်ရွာဘက်ကနေထွက်လာတဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ညောင်ဂျစ်ပင်ရွာက ပျူစောထီးပူးပေါင်းအင်အား ၁၅၀ ခန့်ဟာ မေ ၂၈ ရက် ညနေ ၄ နာရီကျော်ခန့်မှာ စခန်းကိုရောက်လာပြီး ထိတွေ့တိုက်ပွဲမဖြစ်ဘဲ စခန်းကိုမီးရှို့သွားတာလို့ ဆိုပါတယ်။
“ထိတွေ့တိုက်ပွဲကမဖြစ်ဘူး။ စစ်ရှောင်တဲတွေနဲ့တအားနီးတော့ ပြည်သူတွေထိခိုက်မှာစိုးလို့ ထိတွေ့မယူဘဲ ရှောင်လိုက်တာ။ ထိတွေ့ယူမယ်ဆို မကျည်းတန်းနဲ့ကမ္မကြားကတည်းက ယူလို့ရတယ်။ သူတို့ကိုထိတွေ့မယူဘူးဆိုတာက ကြောက်လို့တော့မဟုတ်ဘူး။”လို့ KMDF တာဝန်ခံကပြောပါတယ်။


ပြည်သူထိခိုက်မှုရှိမှာစိုးရိမ်တာ၊ ကင်းထောက်ဒရုန်းအားနည်းချက်ရှိတာ၊ စစ်ကြောင်းကို မျက်ခြေမပြတ် လိုက်ကြည့်နေရတာတွေကြောင့် စခန်းအတွင်းပစ္စည်းတွေသိမ်းချိန်မရဘဲ မီးရှို့ဖျက်ဆီးခံလိုက်ရတာလို့ အထက်ပါတာဝန်ခံကဆက်ပြောပါတယ်။
စခန်းရှိ TNT ယမ်း၊ မိုင်း၊ ဖောက်ခွဲရေးပစ္စည်း၊ G3 ကျည် ရာချီ၊ လက်နက်ထုတ်လုပ်ရေးပစ္စည်း၊ မီးစက်၊ ရိက္ခာတွေ၊ ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးပြီး စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၅၀၀ ကျော်လောက် ပျက်စီးဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။
ဆုံးရှုံးသွားတဲ့ပစ္စည်းတွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့ ပြည်သူတွေရဲ့အကူအညီလိုအပ်နေတာကြောင့် တပ်ဖွဲ့ဆီကို ချိတ်ဆက်ကူညီပေးကြဖို့ကိုလည်း အဖွဲ့တာဝန်ခံကပြောပါတယ်။


အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ မေ ၂၇ ရက်ကတည်းက ကမ္မမြို့အနီးတဝိုက်ကျေးရွာတွေကို စစ်ကြောင်းပတ်ထိုးနေတာဖြစ်ပြီး မေ ၂၈ ရက်မှာ မကျည်းတန်းကျေးရွာက အသက် ၆၀ ဝန်းကျင် ဦးကြည်စိုး၊ မဲဇလီကျေးရွာနေ အသက် ၅၀ ဝန်းကျင်ရှိ ဦးကျော်နိုင်၊ အင်းဘတ်ကျေးရွာက အသက် ၅၀ ကျော် ဦးစန်းအောင်၊ အသက် ၂၂ နှစ်အရွယ် မောင်ဖုန်းတို့ကို ဖမ်းဆီးသွားခဲ့ရာ မေ ၃၀ ရက်ထိပြန်မလွတ်သေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းထိုးခဲ့ချိန် အင်းဘတ်၊ မဲဇလီ၊ မကျည်းတန်း၊ မကျည်းသုံးပင်၊ နှောပေါက် အပါအဝင်ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၈,၀၀၀ ကျော်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မေ ၂၉ ရက်မှာ စစ်ကြောင်းကပေါက်မြို့နယ်ဘက်ကို ဝင်ရောက်သွားချိန်မှ ဒေသခံတွေ ရွာထဲပြန်ဝင်ခဲ့ကြတယ်လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာဒေသကာကွယ်ရေးစခန်း ၁ ကိုစစ်ကောင်စီဝင်ရောက် စီးနင်းခံရကာ အဖွဲ့ဝင် ၃ ဦးနဲ့ ရွာခံ အမျိုးသမီး ၁ ဦးသေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းခံလိုက်ရတယ်လို့ သိရပါတယ်။
စာတည်း – လင်း