myaelatt athan

Sharing Information to the Local

စစ်ကောင်စီဟာ ညောင်ကျိုးတိုက်ပွဲအတွက် မှော်ဘီက တပ်ရင်း ၃ ရင်း ပို့ဆောင်ပြီး တိုက်ခိုက်နေ

ပန်းတောင်း၊ မတ် ၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်က ညောင်ကျိုးတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ မှော်ဘီမြို့က တပ်ရင်း ၃ ရင်းကို စစ်ကူပို့ဆောင်ပြီးတိုက်ခိုက်နေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က အတည်ပြုပြောပါတယ်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၁၃၊ ခမရ ၇၀၁၊ ခမရ ၇၀၂၊ ခမရ ၇၀၃စတဲ့ တပ်ရင်း ၄ ရင်းရှိပြီး အဲဒီထဲက တပ်ရင်း ၃ရင်းကို အခုလ(မတ်လ)ဆန်းပိုင်းမှာ ညောင်ကျိုးစခန်းကို ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။

“ပို့လိုက်တဲ့ တပ်နာမည်လေးတွေတော့ စိစစ်နေဆဲပဲရှိသေးတယ်။ ၁ ရင်းကို တပ်သား ၄၀ စီနဲ့ ၃ ရင်းပို့တာ” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

တပ်ရင်း ၃ ရင်း စစ်ကူပို့ဆောင်ခဲ့တဲ့ရက်စွဲကို တိတိကျကျမသိရှိရပေမယ့် ရန်ကုန် – ပြည် ကားလမ်းအသုံးပြုကာ စစ်ယာဉ်တန်းနဲ့ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကူပို့လိုက်တဲ့ တပ်ရင်းတွေက ညောင်ကျိုးကို ရောက်သွားပြီလို့သိရတယ်ဗျ။ တိုက်ပွဲကတော့ ပြင်းထန်နေတုန်းပဲလို့ ပြောရမယ်ဗျ။”လို့ သူကဆက်ပြောပါတယ်။

အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ညောင်ကျိုးကျေးရွာရှိ ပင်မစခန်းကုန်းမှာ ရခိုင်ရိုးမပေါ်က ပန်းတောင်း-တောင်ကုတ်ကားလမ်းမပေါ်မှာတည်ရှိပြီး ညောင်ခြေထောက်ကျေးရွာအခြေစိုက် ကပစ ၆ နဲ့ ၁၀ မိုင်ခန့်ကွာဝေးပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၂ရက်မှာ ညောင်ကျိုးကျေးရွာနဲ့ ၁ မိုင်ခန့်ကွာဝေးတဲ့ နတ်တောင်ကာကင်းစခန်းကို အာရက္ခတပ်တော် (AA)နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် ညောင်ကျိုးကျေးရွာရှိ ပင်မစခန်းကုန်းကို အခုလိုထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ပဲခူးတိုင်း နဲ့ ရခိုင်ပြည်နယ်အစပ်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းမရှိ ရခိုင်ရိုးမပေါ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ မိုးထိတောင်၊ ပန်းကန်ကွဲ၊ တောင်ပုံကြီး၊ နတ်တောင်ကုန်းတို့ကို အာရက္ခတပ်တော် (AA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။