မကွေး၊ မေ ၂၇၊ ၂၀၂၅။
မကွေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၂ ဦး သေနတ်ပစ်ခံရပြီးသေဆုံးခဲ့အပြင် နောက်ထပ် နိုင်/ကျဥ်း ၂၀၀ ကျော်ကိုလည်း တိုက်ပိတ်ထားတယ်လို့ မေ ၂၇ ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် – PPNM က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ဧပြီ ၁၃ ရက်ညနေ ၆ နာရီအချိန်က ထောင်ပြင်ပမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထောင်အာဏာပိုင်တွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေကြား အချင်းများပြီး နှစ်ဘက်ထိတွေ့မှုဖြစ်ပွားချိန် အာဏာပိုင်တွေကသေနတ်နဲ့ပစ်ခတ်ခဲ့ရာ နိုင်/ကျဥ်း စောရွှေအောင် အပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ဦးဝင်းဝင်းနဲ့ ကိုဖြိုးအပါအဝင် ၂၀၀ ဦးကျော်ကိုလည်း မေ ၂၇ ရက်ဒီနေ့အထိ တိုက်ပိတ်ဒဏ်ခတ်ထားတာလို့ ဆိုပါတယ်။

“သေဆုံးမှုအပေါ် ကျူးလွန်ခဲ့တဲ့သူတွေကို အခုအချိန်ထိ အရေးယူမှုမရှိသေးဘူး။ နောက်ဆက်တွဲအနေနဲ့ ဒီလိုမျိုးဖြစ်စဥ်မှာ ပါဝင်ခဲ့တယ်လို့ သူတို့သတ်မှတ်ထားတဲ့သူတွေကို ခေါ်ယူစစ်ဆေးမေးမြန်းတာ၊ တိုက်ပိတ်အပြစ်ဒဏ်ပေးတာ”လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ဒါ့အပြင် အခန်း ၁ ခန်းမှာ ၃ ဦးကနေ ၇ ဦးလောက်ထိ တိုက်ပိတ်ပြီး ပြစ်ဒဏ်ပေးတာတွေလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။
“အဲလိုအခန်းတွေမှာ လူ ၃ ယောက်ကနေ ၅ ယောက်လောက်ထိတိုက်ပိတ်လို့ရတယ်။ တကယ်တော့ လူ ၃ယောက်လာက်ဆိုရင် ကျပ်ကျပ်ညပ်ညပ်ဖြစ်နေပေမယ့် တိုက်ပိတ်ပြစ်ဒဏ်ပေးတဲ့အခါမှာ တခန်းကို ၃ ဦး ကနေ ၅ ဦးအထိ အခန်းတခန်းတည်းမှာ ပိတ်လှောင်ထားတာရှိတယ်။ပြီးတော့ တခန်းမှာ ၅ ဦးကနေ ၇ ဦးအထိလည်း တိုက်ပိတ်လေ့ရှိပါတယ်”လို့ သူကဆိုပါတယ်။
ထောင်အာဏာပိုင်တွေက အဆိုပါတိုက်ပွဲဖြစ်ပွားတဲ့ကိစ္စမှာ နိုင်ငံရေးအကျဉ်းသားတွေပါဝင်ကြောင်း စွပ်စွဲပြီး နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ကို မြေမြင်ပေါ်မှာ ဝမ်းလျားမှောက်ခိုင်းကာ ရိုက်နှက်ခဲ့တာကြောင့် နိုင်/ကျဥ်းတွေမှာ ခါး၊ ခြေထောက်နဲ့ တင်ပါးတွေမှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေနတ်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ ကိုသိုက်ထွန်းဦးကဆိုပါတယ်။
ဒါ့အပြင် သေနတ်ပစ်ပြီး ရိုက်နှက်မှုပြုလုပ်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ နိုင်/ကျဥ်းတွေကို တိုက်ပိတ်ထားတဲ့အပြင် ဆေးကုသခွင့်၊ မိသားစုဝင်တွေက ထောင်ဝင်စာတွေ့ခွင့်၊ ထောင်ဝင်စာပါဆယ်ပို့ခွင့်တို့ကိုပါ တပြိုင်နက် ပိတ်ပင်ခဲ့တယ်လို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။
မကွေးထောင်ပြင်ပတိုက်ပွဲဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဧပြီ ၁၃ ရက်ကစတင်ပြီး မေ ၂၇ ရက်လက်ရှိအချိန်အထိ အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားတွေမှာ ရေသန့်တွေမရရှိဘဲ သောက်ရေတွေကိုသာ ဈေးကြီးပေးဝယ်နေကြရကာ အခန်းတွင်းမှ အိမ်သာရေတွေနဲ့သာ ရေချိုးနေကြရတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM အနေနဲ့ အထက်ပါဖြစ်စဥ်ကို စုံစမ်းမှုများပြုလုပ်ကာ ကျူးလွန်သူတွေကို ဖော်ထုတ်သွားမှာဖြစ်ပြီး၊ အရေးယူမှုတွေကိုလည်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။
စာတည်း – လင်း