ကျည်မလုံလောက်လို့ အဖမ်းခံလိုက်ရတဲ့ နတ်တလင်း PDFက ရဲဘော် ၃ဦးမှာ ၂ဦးသေဆုံးဟုဆို

0 8
0 8

ပဲခူး၊ မတ် ၁၄၊ ၂၀၂၂။

ပြီးခဲ့တဲ့ မတ်လ ၁၂ရက်က ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ရွာတရွာမှာ PDF လေးဦးနဲ့ ကင်းပတ်နေတဲ့ စစ်အုပ်စုတို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး PDF ဘက်က တဦး ကျဆုံးပြီး ကျည်မလုံလောက်လို့ လက်နက်ချ အဖမ်းခံလိုက်ရတဲ့ ရဲဘော် ၃ဦးမှာ ၂ဦး ကို စစ်ကောင်စီက သတ်ပစ်လိုက်တယ်လို့ Phonix DF အဖွဲ့ တာဝန်ခံ ရန်ကြီးအောင်က မြေလတ်အသံကို ပြောပါတယ်။

” နှစ်ယောက်ပဲ အတည်ပြုလို့ ရသေးတယ် နောက်တယောက်ကတော့ မသေချာသေးဘူး သူတို့ ဆေးကုပေးလို့ ရရဲ့သားနဲ့ ခေါ်သွားပြီး မကုပေးဘဲ သတ်ပစ်လိုက်တာပါ” လို့ တာဝန်ခံ ရန်ကြီးအောင်က ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ရဲဘော် ၃ဦးလုံး စစ်ကြောရေးမှာ သတ်ခံလိုက်ရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ၂ဦးကိုသာ အတွင်းသတင်းတွေအရ အတည်ပြုနိုင်သေးတယ်လို့ ပြောပါတယ်။

နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ် ဖောင်အိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ခဲ့တဲ့ မတ်လ ၁၂ရက်က အဲ့ဒီ ရဲဘော် ၄ဦးကို ကူညီချင်ပေမယ့် နေရာအခက်အခဲကြောင့် သွား‌ပြီး စစ်မကူပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်နေရတယ်လို့ သိရပါတယ်။

” ကျနော်တို့ ဘက်မှာ ထောက်ပံ့မှုတွေ အားနည်းနေသေးတယ် လိုသလောက်မရဘူး၊ စားရေးသောက်ရေးကအစ လိုအပ်တာတွေ ရှိနေသေးတယ်၊ တခြားနေရာတွေထက် အားနည်းနေသေးတယ်” လို့ Phonix DF အဖွဲ့ တာဝန်ခံ ရန်ကြီးအောင်က ပြောပါတယ်။

လက်နက်ချအဖမ်းခံလိုက်တဲ့ စစ်သုံ့ပန်းကို ကယ်လို့ ရတဲ့ အခြေအနေမှာ သတ်ပစ်လိုက်တဲ့ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ရှုံချကြောင်းကိုလည်း တာဝန်ခံ ရန်ကြီးအောင်က ပြောခဲ့ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။