ပခုက္ကူမြို့အထွက်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ

0 4
0 4

ပခုက္ကူ၊ မေ ၁၈၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုန် ၆ လမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ အထိုင်ချထားတပ်စွဲထားတဲ့ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger – MBT က မေ ၁၇ ရက်မှာသတင်းထုတ်ပြန်ပါတယ်။

အင်အား ၃၀ ဝန်းကျင်တပ်စွဲနေတဲ့ အဆိုပါဂိတ်ကို မေ ၁၅ ရက်ညနေ ၃ နာရီဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ်တွေက စတင်တိုက်ခိုက်ပြီးနောက် နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ရန်သူအင်အားက ၆ ယောက်လို့ကြားလို့ ကျနော်တို့တပ်စိတ် ၁ စိတ်သွားတာ။ တကယ်တန်းဖြစ်နေတာက ၃၀ လောက်ထိဖြစ်နေတယ်။ အဲ့အနေအထားမို့လက်နက်တော့မရခဲ့ဘူး။ ဒါပေမယ့် ရအောင်တော့ ရှေတိုးပြီး သုတ်သင်တယ်။ ရန်သူအင်အားထပ်ရောက်လာလို့ ပြန်လာခဲ့ရတာပါ။”Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ပျူစောထီး ၁ ဦးသေဆုံးတာကို မျက်မြင်တွေ့ရပြီး ဒဏ်ရာရသူတွေလည်းရှိနိုင်တယ်လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။

အဲ့ဒီဂိတ်က လမ်းသွားတွေကို စစ်ဆေးရေးလုပ်တဲ့ဂိတ်ဖြစ်ပြီး နယ်မြေမကျွမ်းကျင်တာကြောင့် ခုလိုတိုက်ခိုက်ဖို့အတွက်လည်း မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းလုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

“အဓိကကတော့ စစ်ဆေးရေးလုပ်တဲ့ ဂိတ်ပါပဲ။ အမြဲတမ်းရှိတယ်။ ဂိတ်ကလုပ်နေတဲ့ အသေးစိတ်ကိုတော့ ကျနော်တို့အဖွဲ့အနေနဲ့က နယ်မြေမကျွမ်းဘူး။ မဟာမိတ်အဖွဲ့တွေက ထောက်တယ်။ ကျနော်တို့က အင်အားသွားရတယ်။” လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger – MBTတပ်ဖွဲ့၊ နဂါးမင်း PDF အဖွဲ့နဲ့ တော်လှန်ရေး(ပခုက္ကူ)တပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မေ ၉ ရက် ကလည်း ပခုက္ကူမြို့၊ စက်မှုဇုန် ၆ လမ်းနဲ့ ၇ လမ်းကြားမှာနေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး (ခ) ဒူးရှည်ကို MBT တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။