သပိတ်ကျင်း၊ မေ ၁၆၊ ၂၀၂၅။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတခု လေကြောင်းဗုံးကြဲခံရလို့ သက်ကြီးပိုင်းအရပ်သား ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၁၅ ရက် ယမန်နေ့မနက် ၉နာရီကျော်မှာ သပိတ်ကျင်းမြို့နယ် ၉ မိုင်ကျေးရွာနဲ့ လမ်းလယ်ကျစ်ရွာအကြားရှိ စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။



” စစ်ရှောင်စခန်းကအဆောင်ကြီး ၃ လုံးပျက်စီးတယ်။ ကျန်တဲ့အဆောင်ငယ်တွေလည်း ပျက်စီးတယ်”လို့ သပိတ်ကျင်းဒေသခံအမျိုးသားတဦးက ပြောပါတယ်။
လေယာဥ်ဗုံးကြဲခံရတာကြောင့် စစ်ရှောင်စခန်းမှာနေထိုင်နေတဲ့ အသက် ၆၀ နှစ်ဝန်းကျင်ရှိ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး ၃ နှစ် အရွယ်ကလေး ၄ ဦး၊ အသက် ၆၀ ကျော်အရွယ်သံဃာ ၁ ပါး၊ အသက် ၅၀ အရွယ် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၉ ဦး ဒဏ်ရာရရှိခဲ့ကာ အဲ့ဒီထဲက အသက် ၅၀ အရွယ်ရှိ အမျိုးသား ၁ ဦးမှာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။



မေ ၇ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနဲ့ ရေထွက်ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သလို ဧပြီလအတွင်းမှာ ရေထွက်ရွာနဲ့ လိပ်ကျရွာကို လေယာဥ်ဗုံးကြဲခဲ့တာမှာ အရပ်သား ၄၀ ကျော်အထိ သေဆုံးမှုရှိခဲ့တာပါ။



သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့မတ်လအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက် လက်ရှိမှာတိုက်ပွဲတွေငြိမ်သက်နေပေမယ့် စစ်ကောင်စီကစစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်ရာကျေးရွာတွေကို မကြာခဏလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။


စာတည်း – ဟိန်းစံ