ကျောက်ပန်းတောင်း၊ မေ ၁၅၊ ၂၀၂၅။
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ လေးပင်တောင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မီးဖွားခါစအမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ပန်းတောင်းမြို့ခံတွေဆီက သိရပါတယ်။
မေ ၁၄ ရက်မနက် ၉ နာရီ ၁၅ မိနစ်လောက်မှာ ၁ ကြိမ်၊ နေ့လယ် ၂ နာရီ ၁၇ မိနစ်မှာ ၁ ကြိမ် ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံး ၄ လုံးချတိုက်ခိုက်ခဲ့ရာ ကျေးရွာချောင်းထဲနဲ့ နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“ရွာတောင်ဖျားက ပြည်သူတွေရဲ့နေအိမ်ပေါ်ကို ၂ လုံးကျတာ၊ ၂၉ ရက်ပဲရှိသေးတဲ့ မီးဖွားခါစအမျိုးသမီး ၁ ဦး ဦးနှောက်ပွင့်ပြီးတော့သေဆုံးတယ်၊ အိမ်လည်လာတဲ့ အမျိုးသမီး ၁ ဦး သေဆုံးတယ်၊ မီးဖွားတဲ့ အမျိုးသမီးရဲ့ အိမ်သားလည်းသေဆုံးတယ်၊ သူ့ရဲ့အဖေကတော့ ညာဘက်ခြေထောက်က အရေပြား လောက်ပဲကျန်တော့တယ်၊” လို့ ကျောက်ပန်းတောင်းဒေသခံတဦးက ပြောပါတယ်။


ဗုံးစထိမှန်ပြီး အသက် ၃၁ နှစ်အရွယ် မီးနေသည် မဝင်းသူဇာ၊ ခင်ပွန်းဖြစ်သူ အသက် ၃၁ နှစ်အရွယ် ကိုဝင်းထွေး၊ အိမ်လည်လာနေတဲ့ ၄၇ နှစ်အရွယ်ဒေါ်မြင့်မြင့်ဝေ၊ အိမ်နီးချင်း ၇၀ နှစ်အရွယ် ဒေါ်ဝင်းကြည်တို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကိုဝင်းထွေးကတော့ ဆေးရုံအရောက်မှာသေဆုံးခဲ့တာဖြစ်ပြီး ကျန် ၃ ဦးကတော့ ဗုံးစထိမှန်တဲ့ နေရာတင်သေဆုံးခဲ့တယ်လို့ အထက်ပါဒေသခံကဆိုပါတယ်။
မဝင်းသူဇာရဲ့ဖခင်ဖြစ်သူ ဦးမောင်သန်းကတော့ ပြင်းထန်ဒဏ်ရာရပြီး ကလေးကတော့ထိခိုက်မှုမရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။


ဒါ့အပြင် ဗုံးကျရောက်ပေါက်ကွဲတဲ့ ရွာတောင်ပိုင်းက နေအိမ် ၅ လုံးပျက်စီးပြီး နွား ၂ ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လေးပင်တောင်ရွာမှာ အိမ်ခြေ ၃၀၀၊ လူဦးရေ ၆၀၀ ကျော်ရှိကာ လေကြောင်းတိုက်ခိုက်ပြီးနောက် ဒေသခံတွေလည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေကြတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၇ ရက်ကလည်း မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ကမ်းဖြူရွာက အမျိုးသား ၂ ဦးကို စစ်ကောင်စီက အကြောင်းမဲ့ ပစ်သတ်ခဲ့ပါသေးတယ်။
စာတည်း – လင်း