myaelatt athan

Sharing Information to the Local

လက်နက်ကြီးထိလို့ အထက်တန်းကျောင်းသူ ၁ ဦးသေဆုံးပြီး နေအိမ်မီးလောင် (ရုပ်/သံ)

ယင်းမာပင်၊ မေ ၁၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရေကြည်ပင်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံကျောင်းသူ ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မေ ၁၄ ရက်ည ၉ နာရီခွဲမှာ အောင်ဇေယျမြို့သစ်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ရာ ၁၈ နှစ်အရွယ် ၁၂ တန်းကျောင်းသူ မယမင်းသိမ့် ထိမှန်သေဆုံးခဲ့ပြီး နေအိမ် ၁ လုံးလည်းမီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“သူကစာကျက်နေတာ၊ ဒီအိမ်ပိုင်ရှင် ကိုရင်က ဗိုက်နာလို့ဆိုပြီး ဆေးဗူးသွားယူ‌ပေးတာ၊ အပေါက်ဝတင်ရှိသေးတာ၊ အပြင်ဘက်ထွက်ပြီးလို့ တံခါးပေါက်ပြန်ပြီးစေ့မလို့ရှိသေးတာ၊ အဲ့ဒါကျသွားတာ။” လို့ ဖြစ်စဉ်အနီးမှာရှိတဲ့ ရွာခံတဦးကပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်က လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး ရေကြည်ပင်ရွာထဲ၊ ရွာအနီး လယ်ကွင်းတွေထဲနဲ့ မြရိပ်ရွာအပြင်ကို ၁ လုံးစီကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

မယမင်းသိမ့် သေဆုံးမှုနဲ့ပတ်သက်ပြီး နောက်ထပ်အိမ်နီးချင်းတဦးကလည်း ဆေးခန်းကိုပို့တဲ့လမ်းအထိ အသက်ပါလာသေးပြီး ဆေးခန်းရှိတဲ့ရွာကိုရောက်မှ သေဆုံးခဲ့တာလို့ ပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ အိမ်မှာတော့ ဆိုင်ကယ် ၂ စီး၊ စက်ဘီး ၂ စီး၊ သိုလှောင်ထားတဲ့ ကြက်သွန်၊ စပါး အစရှိတာတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး အနီးအနားကအိမ်တွေမှာလည်း ခေါင်မိုးအပေါက်တွေ၊ နံရံအပေါက်တွေဖြစ်သွားတယ်လို့ ရွာခံတွေဆီကသိရပါတယ်။

မယမင်းသိမ့်ရဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့လယ်ခင်းမှာ သင်္ဂြိုဟ်ပေးမယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေကဆိုပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲစဉ် မီးလောင်ခဲ့တဲ့နေအိမ်ကိုတော့ ည ၁၁ နာရီလောက်မှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး ရှင်ပြုအလှူပွဲရှိတဲ့အဲဒီရွာမှာ အလှူအောင်ပွဲအဖြစ် ကခုန်နေကြသူတွေလည်း မီးမငြှိမ်းနိုင်ဘဲလွတ်ရာရွာတွေကို ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။

မေ ၁၄ ရက် နေ့လယ်ခင်းကလည်း လုံခြုံရေးတပ်ရင်း ၂၈ (မုံရွာ) ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ထန်းတောကြီးရွာက အသက် ၃ နှစ်အရွယ်ယောက်ျားလေး ၁ ဦးကို လက်နက်ကြီးအစထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – လင်း၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။