myaelatt athan

Sharing Information to the Local

တောင်ပိုင်းတိုင်းစစ်ဒေသမှာ စစ်သုံ့ပန်းမိသားစုဝင် ၂ ဦး ကို မင်္ဂလာဆောင်ပေး

မြေလတ်အသံ၊ မေ ၁၃၊ ၂၀၂၅။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၆) နယ်မြေအခြေစိုက်တဲ့ တောင်ပိုင်းတိုင်းစစ်ဒသ၊ အမှတ် ၃ စစ်ဒေသခွဲ၊ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းမှာ စစ်သုံ့ပန်းအမျိုးသားနဲ့ အမျိုးသမီးတို့ကို မေ ၁၀ ရက်မှာ မင်္ဂလာဆောင်ကျင်းပပေးခဲ့တယ်လို့ စစ်ဒေသတာဝန်ရှိသူက ပြောပါတယ်။

အသက် ၂၂ နှစ် မောင်မျိုးဆွေနဲ့ ၁၇ နှစ်အရွယ် မပိုးအိအိစိုးတို့ကို စခန်းမှာရှိသူတွေနဲ့ စစ်သုံ့ပန်း အရာရှိတွေဆီက ထည့်ဝင်ငွေတွေပေါင်းပြီး မင်္ဂလာဧည့်ခံပွဲကျင်းပပေးခဲ့တာလို့ဆိုပါတယ်။

“နှစ်ဦးချစ်ကြိုက်ကြတာတော့ ၁ နှစ်နီးပါးရှိပြီ။ တကယ်မေတ္တာမျှတယ်ဆိုရင်တော့ ကျနော်က အကြာကြီးမတွဲနဲ့။ မင်းတို့မိဘတွေက သဘောတူလားဆိုတော့ သူတို့ကလည်းသဘောတူတော့ စခန်းမှာရှိတဲ့တာဝန်ရှိ သူတွေရဲ့ ရှေ့မှောက်မှာ စေ့စပ်ကြောင်းလက်မှတ်ထိုးပေးတယ်။ မင်္ဂလာရက်တွေ သတ်မှတ်ပြီးတော့ မင်္ဂလာဆောင်ပေးခဲ့တာဖြစ်ပါတယ်” လို့ တောင်ပိုင်းတိုင်းစစ်‌ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ၊ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းမှ ထိန်းသိမ်းရေးတာဝန်ခံ စောနေလကပြောပါတယ်။

မောင်မျိုးဆွေးမှာ စစ်ကောင်စီရဲ့ ခမရ ၅၄၅ က တပ်သားဖြစ်ပြီး၊ မပိုးအိအိစိုးကတော့ ကော့ဘိန်း နယ်မြေရဲစခန်းမှာတာဝန်ကျခဲ့တဲ့ ရဲတပ်ကြပ်ကြီးတဦးရဲ့သမီးဖြစ်ပြီး ၂ ဦးစလုံးကို ၂၀၂၄၊ ဇန်နဝါရီလမှာ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းကို သုံ့ပန်းအဖြစ်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

“သတိုးသားက ခမရ ၅၄၅ ကတပ်ပြေးဖြစ်တယ်။ တပ်ပြေးကိုမှ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေက ဖမ်းမိပြီးတော့မှကျနော်ဆီကိုပို့တာဖြစ်တယ်။ ဒီကလေးကလိမ်မာတော့ ကျနော်ကအကူ လုံခြုံရေးရဲဘော်အဖြစ်နဲ့ခန့်ထားတယ်” လို့ စောနေလကဆိုပါတယ်။

မင်္ဂလာဧည့်ခံပွဲမှာ ထမင်းနဲ့ ကြက်သားဟင်း၊ သီးစုံ၊ ငပိတို့စရာတွေနဲ့ ကျွေးမွေးပေးခဲ့တယ်လို့ သိရပါတယ်။

မင်္ဂလာဧည့်ခံပွဲမှာ သတိုးသမီးဖြစ်သူ မပိုးအိအိစိုးရဲ့မိဘ ၂ ပါးရှိပေမယ့် သတိုးသားဖြစ်သူ မောင်မျိုးဆွေမှာတော့ စစ်ကောင်စီတပ်ကထွက်ပြေးလာချိန်ကတည်းကနေ လက်ရှိအချိန်ထိ မိဘတွေနဲ့အဆက်အသွယ်မရရှိတော့တာကြောင့် ကိုစောနေလကပဲ အုပ်ထိန်းသူလုပ်ပေးခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။