ကောလင်း၊ မေ ၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွှေဘို – မြစ်ကြီးနားကားလမ်းမပေါ်မှာ အမျိုးသားရုပ်အလောင်း ၁ ခုကို မေ ၇ ရက်ညနေ ၅ နာရီကျော်မှာတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
သေဆုံးသူမှာ ကုက္ကိုကုန်းရွာမှာနေထိုင်တဲ့ အသက် ၅၀ အရွယ် ဦးကျန့်ဖြစ်ပြီး ကုက္ကိုကုန်းရွာ မြောက်ဘက်ကား လမ်းမပေါ်မှာလဲကျနေတဲ့ဆိုင်ကယ် ၁ စီးအနီးမှာတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
“မနက်စောစောက ဖြစ်သွားပုံရတယ်။ သိတာတော့ ၆ နာရီဝန်းကျင်လောက်မှသိကြတာ။ သူက ကုက္ကိုကုန်းရွာကနေ မြောက်ဘက်ကိုသွားတာ။ ကချင်ကုန်းရွာဘက်ပေါ့။ ကားလမ်းပေါ်မှာ သေနေတာကို တွေ့တာ။ ခေါင်းကပြားပြီးတော့မှမရှိတော့ဘူး” လို့ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဦးကျန့်မှာ မြစ်ကြီးနားဘက်ကနေ ရွှေဘိုဘက်ကိုသွားတဲ့ ကား ၁ စီးတိုက်ခံရကာသေဆုံးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒီယာဥ်တိုက်မှုဖြစ်စဥ်နဲ့ဆက်နွယ်တဲ့ ကားသမားဖမ်းမိထားပြီး ကောလင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဦးကျန့်ရဲ့အလောင်းကိုတော့ မနေ့ကနေ့ချင်းမှာပဲ သူ့ရွာသုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
စာတည်း – လင်း