myaelatt athan

Sharing Information to the Local

ပန်းတောင်းမှာ စစ်မှုထမ်းကြေး ခြိမ်းခြောက်တိုးကောက်လာ

ပန်းတောင်း၊ မေ ၇၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကျီးတောအုပ်စုကကျေးရွာတွေမှာ မေလဆန်းပိုင်းကစပြီး စစ်မှုထမ်းကြေး ခြိမ်းခြောက်တိုးကောက်နေတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

ပြည်သူစစ်မှုထမ်းဥပဒေ စတင်အသက်သွင်းတဲ့ ၂၀၂၄ ဖေဖော်ဝါရီကစလို့ ကျီးတောအုပ်စုထဲကကျေးရွာတွေကို အုပ်စုအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းလူစားထိုးငှားရမ်းဖို့ ငွေကောက်ခံနေခဲ့တာဖြစ်ပြီး ကောက်ခံရာမှာ ယခင်ငွေထက်တိုးကောက်ပြီး ငွေမပေးနိုင်သူတွေကိုခြိမ်းခြောက်လာတာလို့ ဆိုပါတယ်။

“မပေးတဲ့အိမ်တွေကို မှတ်ထားမယ်ပေါ့။ မှတ်ထားပြီး မြို့နယ်ကိုပြောမယ်ပေါ့။ ပါးစပ်က ဖမ်းမယ်မပြောပေမယ့် အဲ့လိုသဘော သက်ရောက်တယ်။ အကုန်ထည့်ကြရတာပေါ့ ကြောက်တော့။”လို့ ကျီးတောရွာခံတဦးက ပြောပါတယ်။

အပတ်စဉ် ၁ ခုအတွက်စစ်မှုထမ်းကြေး ၁ အိမ်ထောင်ကို ကျပ် ၆,၀၀၀ ကစတင်ကောက်ခံလာခဲ့ရာ အခုမေလမှာ ၁၃,၀၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံလာတာလို့ ဆိုပါတယ်။

ကောက်ခံတဲ့ငွေကို ဒေသခံတွေက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို လစဉ်တိုက်ရိုက်သွားပေးရတာရှိသလို ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက နေအိမ်တွေမှာ လိုက်လံကောက်ခံတာတွေရှိပြီး အခု ၁ ကြိမ် ပေးရတာနဲ့ဆို ၁၄ ကြိမ်မြောက်ရှိပြီလို့ ဆိုပါတယ်။

ကျီးတောကျေးရွာအုပ်စုမှာ ကျီးတော၊ စာရေးကွင်း(အရှေ့)၊ စာရေးကွင်း (အနောက်)၊ စာစီ ၊ ရေတွင်းလှ၊ ကြပ်ပြို၊ ဖန်းခါးပင်၊ ရှားဇီးဘိုကျေးရွာတို့ပါဝင်ကာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး အဲ့ဒီရွာတွေက ဒေသခံတွေကိုအားလုံးကို ကောက်ခံတာလို့ ကျီးတောရွာခံတဦးက ပြောပါတယ်။

ယခင်လတွေမှာ စစ်မှုထမ်းကြေးမပေးနိင်သူတွေကို တင်းတင်းကျပ်ကျပ်ခြိမ်းခြောက်တာမျိုးနဲ့ ဖမ်းဆီးအရေးယူတာမျိုးမရှိဘဲ မပေးသူတွေများလာတဲ့အတွက် အခုလမှာ နာမည်စာရင်းနဲ့တကွ မြို့နယ်ကိုတင်ပြသွားမယ်ဆိုပြီး ဖိအားပေးခြိမ်းခြောက်လာတာဖြစ်တယ်လို့ သူကပြောပါတယ်။

စစ်မှုထမ်းကြေးဆိုပြီး လစဉ်ကောက်ခံနေပေမယ့် ဒေသခံတွေအနေနဲ့ ကျေးရွာပြင်ပကိုသွားလာချိန် စစ်မှုထမ်းအတွက်ဖမ်းဆီးခံရပါက တာဝန်မယူဘူးဆိုပြီးပြောဆိုထားတဲ့အတွက် ကျေးရွာအနီးဝန်းကျင်ကိုတောင် ဒေသခံတွေကလုပ်ငန်းကိစ္စ၊ လူမှုရေး၊ ကျန်းမာရေးကိစ္စသွားလာဖို့ ကြောက်လန့်နေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာစစ်ကောင်စီဘက်က စစ်မှုထမ်းအပတ်စဉ် ၁၃ ကို မေလအတွင်းဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး အခု ကောက်ခံတာက အပတ်စဉ် ၁၄ အတွက် ကြိုတင်ကောက်တာဖြစ်နိုင်တယ်လို့ ပဲခူးတိုင်းအနောက်ခြမ်းမှ CDM စစ်သားတဦးက ပြောပါတယ်။

“အခုလာပြီးလူစာရင်းကောက်တာဆိုရင် အပတ်စဉ် ၁၄ အတွက်ဖြစ်မယ်။ ၁၃ က ရှေ့တပတ်ဖွင့် မယ်ဆိုရင် အခုအချိန် သက်ဆိုင်ရာအောက်ခြေမှာဆင့်ခေါ်တာ စုဆောင်းတာတွေ လုပ်ပြီးလောက်ပြီ။ ဒီသောကြာလောက်ဆို သင်တန်းကျောင်းတွေကိုပို့လိမ့်မယ် သင်တန်းဖွင့်ပွဲအတွက် အနည်းဆုံး ၁ ရက်ခွဲ ၂ ရက်အချိန်ယူရလေ့ရှိတယ်။” လို့ ဆိုပါတယ်။

ဒါ့အပြင် ခုလိုစစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့လက်ဝေခံတွေဟာ နည်းမျိုးစုံနဲ့ပြည်သူကို ဒုက္ခပေးနေတာဖြစ်ပြီး ခုလိုငွေမပေးရင်အထက်ကိုတိုင်မယ်ဆိုတာကလည်း ယဉ်ယဉ်ကျေးကျေးခြိမ်းခြောက်တဲ့ သဘောဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“စစ်တပ်နဲ့ သူ့လက်ဝေခံအကုန်လုံးက ရတဲ့နည်းနဲ့နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာပဲ။ အစကတည်းက စစ်တပ်က လက်နက်အားကိုးတယ် အကြောက်တရားနဲ့ခြိမ်းခြောက်တယ်။ သူတို့လက်ဝေခံတွေမှာလည်း ဒီသဘောသဘာဝပါလာမှာပဲ။ အနိုင်ကျင့်မယ် ခြိမ်းခြောက်မယ် ဖမ်းဆီးမယ် ဒါမျိုးပေါ့။ အခုဟာဆိုလည်း မပေးရင်အထက်ကိုပြောလိုက်မယ်ဆိုတာ ဖမ်းမယ်ဆီးမယ်မပြောလို့ ယဉ်ယဉ်ကျေးကျေးခြိမ်းခြောက်တာပါဆိုပြီး ကျေးဇူးတင်ပေးရမလိုတောင်ဖြစ်နေတယ်။” လို့ အထက်ပါ CDM စစ်သားတဦးက ပြောပါတယ်။

၂၀၂၄ ဒီဇင်ဘာမှာ ကျီးတောရွာခံ ကိုဇော်ဝင်သိန်းဆိုသူ စစ်မှုထမ်းဖို့ဖမ်းဆီးခံရဖူးပြီး ငွေကျပ်သိန်း ၈၀ ပေးမှ ပြန်လွတ်လာခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၅ ရက်ကလည်း ပန်းတောင်းမြို့ပေါ်ကို ကားပြင်ဖို့ သွားတဲ့ ရှားဇီးဘိုရွာက ကိုဘိုလုမှာလည်း ပန်းတောင်းမြို့အဝင်မှာ ပေါ်တာဆွဲခံရပြီး ဟိုက်ဂျက်ကားကောလူပါ ပျောက်ဆုံးနေပြီး မေ ၇ ရက်ထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။