myaelatt athan

Sharing Information to the Local

လက်နက်ကြီးကြောင့် ၂ နှစ်အရွယ်ကလေးငယ်သေဆုံး၊ ရွာခံ ၇ ဦးဖမ်းခံထားရ

ပခုက္ကူ၊ မေ ၄၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကုမြိူ့နယ်၊ မီးသွေးကန်ကျေးရွာမှာ တပ်မ ၁၀၁ ကပစ်တဲ့ လက်နက်ကြီးမှန်လို့ ၂ နှစ်ခွဲအရွယ် ကလေးငယ်သေဆုံးပြီး ၃ ဦးဒဏ်ရာရကာ ရွာခံ ၇ ဦးကိုလည်း စစ်ကောင်စီတပ်သားတွေ ဖမ်းသွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

မေ ၂ ရက်ညနေ ၄ နာရီခွဲမှာ ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ ကနေ မီးသွေးကန်ကျေးရွာကို လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ကျေးရွာထဲရှိ ဒေါ်မြင့်မြင့်ကြိုင်ရဲ့ နေအိမ်ခြံဝင်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။

“လက်နက်ကြီး ၄ ချက်ရမ်းသမ်းထုတာမှာ နောက်ဆုံးအလုံးက ခြံထဲကျပြီး ၂ နှစ်ခွဲကလေးငယ်ရယ်။ သူ့အမေရယ်။ တူမလေးရယ်။ လမ်းသွားတဲ့အဒေါ်ကြီးတယောက်ရယ်ထိတာ။ တော်တော်လေး ဆိုးတယ်။ ကလေးကဆို ဗိုက်ထဲက အူထွက်ပြီးသေတာ။ သဂြိုဟ်ပြီးသွားပြီ” လို့ ရွာခံတဦး ကပြောပါတယ်။

လက်နက်ကြီးထိမှန်လို့ အသက် ၂၇ နှစ်အရွယ် မသဇင်မြင့် ပေါင်အသားစပဲ့ထွက်၊ သမီးဖြစ်သူ အသက် ၂ နှစ်ခွဲအရွယ် မဝေဇင်ထက်မှာ ဝမ်းဗိုက်အူထွက်ဒဏ်ရာရပြီးသေဆုံး၊ တူမဖြစ်သူ အသက် ၄ နှစ်အရွယ် မအိမ့်မှူးသွယ်နဲ့ လမ်းသွားလမ်းလာစျေးသည် အသက် ၄၀ နှစ်အရွယ် ဒေါ်ဝင်းမာတို့မှာ ထိခိုက်ဒဏ်ရာရသွားပါတယ်။

သေဆုံးဒဏ်ရာရသွားသူတွေကိုတော့ လက်နက်ကြီးမပစ်ခင်ကျေးရွာထဲကို ရောက်ရှိနေတဲ့ စစ်ကောင်စီ တပ်သား ၅၀ ခန့်က ပခုက္ကူဆေးရုံကိုခေါ်သွားပြီး အလောင်းကိုတော့ မေ ၃ ရက်မှာ နေအိမ်ကို ပြန်သယ်လာပြီး နာရေးပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးမပစ်ခင်မှာ စစ်သား ၅၀ လောက်က ရွာထဲရှိနေတာ။ ပစ်ခတ်မှုလည်းပြီးကော ထိခိုက်သူတွေကို သူတို့ပဲခေါ်သွားတယ်။ ရွာသား ၇ ယောက်ကိုလည်း ဖမ်းသွားတယ်။ စကစ တပ်သားတွေရွာထဲရောက်လာချိန်မှာ သောက်စားပြီးမူးနေကြတာ”လို့ အထက်ပါရွာခံက ဆက်ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်ပြီးနောက် အဲ့ဒီနေ့မှာပဲ ရွာခံအမျိုးသားတွေဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုအောင်ကျော်မိုး၊ ၄၅ နှစ်အရွယ် ကိုသိန်းမြင့်ထွန်း၊ ဦးတင်ထွန်းအောင်၊ ၁၂ နှစ်အရွယ် အာကာဘိုဘို၊ ၃၁ နှစ်အရွယ် ကိုစိုးစိုးသန့်၊ ၁၂ နှစ်အရွယ် စိုင်းထီဆိုင်၊ ၁၃ နှစ်အရွယ် ဟိန်းဝေယံထွန်း တို့ ၇ ဦးကို စစ်ကောင်စီတပ်သားတွေက ပခုက္ကူရဲစခန်းဆီ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေက မေ ၄ ရက် ဒီညနေပိုင်းထိပြန်မလွတ်လာသေးဘူးလို့ အထက်ပါရွာခံက ပြောပါတယ်။

မီးသွေးကန်ကျေးရွာက အိမ်ခြေ ၂၀၀ ဝန်းကျင် လူဦးရေ ၇၀၀ ကျော်ရှိတဲ့ကျေးရွာဖြစ်ပြီး ကျေးရွာထဲမှာ ယခုလိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လူထိခိုက်သေဆုံးတာလည်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။