မကွေး၊ မေ ၃၊ ၂၀၂၅။
မကွေးတိုင်း၊ မကွေးမြို့၊ အောင်စေတနာ (စီ)ရပ်ကွက်၊ သုခိတာလမ်းနဲ့ အောင်စေတနာ (၁၀) လမ်းထောင့်မှာ ကြိုးဆွဲချတဲ့အမျိုးသမီးကို အသက်ရှင်လျက်ပြန်ကယ်နိုင်ခဲ့တယ်လို့ မြေပြင်ကူညီပေးခဲ့သူတွေဆီက သိရပါတယ်။
ကြိုးဆွဲချသူဟာ နဘူးကျေးရွာနေ အသက် ၃၀ ဝန်းကျင်အရွယ် မ*** ဖြစ်ပြီး မေ ၂ ရက်ည ၈ နာရီဝန်းကျင်က ခရေပင်မှာကြိုးဆွဲချနေချိန်မှာ ကယ်ဆယ်နိုင်ခဲ့တာလို့ဆိုပါတယ်။
“လမ်းသွားလမ်းလာတဦးက ကြိုးဆွဲချနေတာမြင်တော့ အကူအညီတောင်းလို့ ကျနော်တို့ရောက်တာနဲ့ ကြိုးဖြတ်လိုက်တယ်။ ကြိုးကမျှော့ကြိုးဆိုတော့ ပုံမှန်ကြိုးလိုမဟုတ်တော့ အသက်ရှိနေသေးတာ။ လိုအပ်တာလုပ်ပေးပြီး ဆေးရုံပို့ပေးခဲ့ရတာ။”လို့ ကူညီရေးလုပ်ဆောင်ပေးခဲ့သူတဦးက ပြောပါတယ်။
ဆေးရုံမှာ လိုအပ်တဲ့စစ်ဆေးမှုပြုလုပ်ပြီးနောက် စိတ်ချရတဲ့အခြေအနေရှိတာကြောင့် နေအိမ်ကိုပြန်ခွင့်ပေးခဲ့ပြီး လတ်တလောမှာတော့ စကားမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
နဘူးကျေးရွာနဲ့ အောင်စေတနာ (စီ)ရပ်ကွက်ဟာ ဆိုင်ကယ်နဲ့လာပါက မိနစ် ၂၀ ခန့်မောင်းနှင်ရတဲ့ အကွာအဝေးဖြစ်ပြီး အဆိုပါအမျိုးသမီးဟာ နေအိမ်ကနေတဦးတည်း လမ်းလျောက်ထွက်သွားခဲ့တာလို့ မိသားစုဝင်တွေဆီက သိရပါတယ်။
အဆိုပါ အမျိုးသမီးမှာအိမ်ထောင်လည်းရှိပြီး စီးပွားရေးလည်းအသင့်အတင်ပြေလည်တဲ့ မိသားစုကဖြစ်တယ်လို့ သိရပါတယ်။
စာတည်း – လင်း