myaelatt athan

Sharing Information to the Local

မန္တလေးမှာ မိုးသည်းထန်စွာရွာလို့ ငလျင်သင့်ပြည်သူတွေ နေထိုင်ရေးအခက်တွေ့နေ

0 5
0 5

မန္တလေး၊ မေ ၁၊ ၂၀၂၅။

မန္တလေးမြို့မှာ မိုးသည်းစွာရွာသွန်းခဲ့တာကြောင့် ယာယီတဲနဲ့ နေထိုင်နေကြရတဲ့ ငလျင်ဘေးသင့် ပြည်သူတွေ နေထိုင်ဖို့အခက်အခဲတွေ့နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဧပြီ ၃၀ ရက် ည ၈ နာရီကျော်နဲ့ မေ ၁ ရက်မနက် ၅ နာရီလောက်က မန္တလေးမြို့မှာ မိုးသည်းစွာ ရွာသွန်းခဲ့တာကြောင့် ယာယီတဲထိုးနေထိုင်ကြရတဲ့နေရာတွေကို ရေဝင်ရောက်လာတာလို့ ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် အိုးအိမ်ပြိုပျက်စီးကာ နေထိုင်စရာမရှိတော့တဲ့ ငလျင်ဘေးသင့် ပြည်သူတွေဟာ ငလျင်ရှောင်စခန်းတွေနဲ့ နီးစပ်ရာကွင်းပြင်တွေမှာ ယာယီတဲထိုးကာနေထိုင်ကြရပြီး ရေဝင်ရောက်နေတဲ့အတွက် နေထိုင်ဖို့အခက်တွေ့နေကြတယ်လို့ သိရပါတယ်။

“မနက်ကရွာတဲ့မိုးက ပိုသည်းတယ်၊ ညရော မနက်ရော ရွာတာဆိုတော့ ခြေချစရာ နေရာကို မရှိဘူး၊ တညလုံးလည်း မအိပ်ရသေဘူး။ ကျောခင်းစရာနေရာကို မရှိတာ၊ လေမကြမ်းလို့ တော်သေးတယ်၊ မဟုတ်ရင် လေရောမိုးရောဆို မလွယ်ဘူး။”လို့ မြို့ခံ ငလျင်သင့်အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုးသည်းစွာရွာသွန်းပြီး ယာယီတဲတွေထဲ ရေဝင်ရောက်တာကြောင့် အဝတ်အစားနဲ့ အသုံး အဆောင်ပစ္စည်းတွေထည့်ဖို့ ပလစ်စတစ်ပုံးတွေ လိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ငလျင်လှုပ်ခတ်တာ ၁ လကျော်ကြာခဲ့ပြီဖြစ်တာကြောင့် ရေသန့်ဗူးနဲ့ အစားအစာတွေလှူဒါန်းတဲ့ အလှူရှင်တွေ ယခင်ကလောက် မပေါများတော့တဲ့အတွက် စားဝတ်နေရေးအတွက် ချက်ပြုတ်ရတာလည်း အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်ညနေ ၅ နာရီကျော်ခန့်ကလည်း မန္တလေးမြို့တမြို့လုံး မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ ၂၈ လမ်း၊ လမ်း ၈၀× ၈၁ ကြားက သုံးထပ်တိုက် ၁ လုံး မိုးရေဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

လာမယ့် ၂ ရက်အတွင်းမှာလည်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့အပါ တိုင်းနဲ့ပြည်နယ်အများစုမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာမယ်လို့ မေ ၁ ရက် ဒီကနေ့မှာ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ပုံစာ – မန္တလေး ငလျင်သင့်ပြည်သူများ နေထိုင်ရာ ယာယီတဲတွေထဲသို့ ရေနစ်မြုပ်ဝင်ရောက်နေစဥ်။

သတင်း – ခေတ်သဒ္ဒါ၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။