ရေစကြို၊ ဧပြီ ၃၀၊ ၂၀၂၅။
မကွေးတိုင်း၊ ရေစကြိုအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက စစ်ကောင်စီတပ်သား ၃ ဦး ဧပြီလ တတိယပတ်အတွင်းမှာ လက်နက်ခဲယမ်းတွေယူပြီး ဘက်ပြောင်းခိုလှုံလာကြတယ်လို့ Southern YSO PDF ဆီက သိရပါတယ်။
ဧပြီ ၂၄ ရက်မှာ ရေစကြိုအခြေစိုက် ခလရ ၂၅၇ တပ်က အသက် ၂၈ နှစ်အရွယ် တပ်သားချစ်စမ်းကို၊ ဧပြီ ၂၅ ရက်မှာ ရေစကြိုမြို့ ခလရ ၂၅၆ တပ်က အသက် ၃၂ နှစ်အရွယ် တပ်သားမြင့်စိန်၊ ဧပြီ ၂၆ ရက်မှာ ခလရ ၂၅၈ က အသက် ၂၄ နှစ်အရွယ် တပ်သားစည်သူကျော်တို့က လက်နက်ခဲယမ်းတွေယူပြီး ဘက်ပြောင်းခိုလှုံခဲ့ကြတာလို့ ဆိုပါတယ်။
တပ်သားချစ်စမ်းကိုဟာ အခုနှစ်ဇန်နဝါရီလပိုင်းက မိတ္တီလာမြို့မှာဖမ်းဆီးခံခဲ့ရပြီးနောက် ဟိုပုံးမှာ စစ်သင်တန်း ၂ လ၊ ပခုက္ကူ တပ်မ ၁၀၁ ထဲမှာ မွမ်းမံသင်တန်း ၁ လတက်ပြီး ခလရ ၂၅၇ ကို ရောက်ရှိလာတာ ရက်ပိုင်းသာရှိသေးပြီး ဘက်ပြောင်းခိုလှုံလာချိန်မှာ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု ပါလာတယ်လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။
အလားတူ တပ်သားမြင့်စိန်ဟာလည်း ၂၀၂၄ ဇွန်လပိုင်းက ပြည်ဦးလွင်မှာ ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် ရှမ်းပြည်နယ်၊ ဗထူးကျောင်းမှာ အပတ်စဥ် ၆ သင်တန်းတက်ခဲ့ရာက စစ်ကောင်စီတပ်သားဖြစ်လာသူဖြစ်ပြီး ခလရ ၂၅၆ တပ်ကို ၂၀၂၄ နို၀င်ဘာလပိုင်းရောက်ရှိလာကာ ဘက်ပြောင်းလာချိန်မှာတော့ ၅.၅၆ ကျည် ၅၀၀ တောင့်ပါလာတယ်လို့ ဆိုပါတယ်။
“ကိုမြင့်စိန်ကတော့ ဇာတိကတခြားကပါ၊ ပြည်ဦးလွင်မှာ အလုပ်လုပ်ရင်းနဲ့ ပေါ်တာဆွဲအဖမ်းခံရတာ၊ အဖမ်းခံရပြီးတော့ သူ့ကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းတဲ့ အခြေအနေကိုရောက်သွားတာ၊ ရှမ်းပြည် ဗထူးကျောင်းမှာ အပတ်စဉ် ၆ သင်တန်းဆင်းခဲ့တာ၊ အဲ့ဒီမှာ သူကတော့ စစ်သင်တန်း ၆ လလောက် တက်ခဲ့ရတယ်၊ ဒီဘက် ရေစကြိုနယ်ကိုရောက်တာ သူက ၅ လလောက်ရှိသွားပြီ” လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။

ဘက်ပြောင်းလာချိန် လက်ပစ်ဗုံး ၁ လုံး၊ ၅,၅၆ ကျည်တောင့်ပါယူဆောင်လာတဲ့ တပ်သားစည်သူကျော် ကလည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလပိုင်းက တာချီလိတ်မှာအလုပ်သွားလုပ်နေချိန် အဖမ်းခံခဲ့ရပြီးနောက် ဟိုပုံးမှာ အပတ်စဥ် ၈ စစ်သင်တန်းတက်ခဲ့ကာ ဧပြီ ၁၃ ရက်မှာ ခလရ ၂၅၈ ကိုရောက်ရှိလာတာလို့ ဗိုလ်အောင်မောင်းကပြော ပါတယ်။
“သူတို့တတွေက အစကတည်းက စစ်ကောင်စီကို အားပေးတဲ့သူတွေမဟုတ်ပါဘူး၊ မိသားစု စားဝတ်နေရေးကြောင့် ရပ်ဝေးကိုထွက်ပြီး အလုပ်လုပ်ရတဲ့အခြေအနေပေါ့၊ စစ်ကောင်စီဘက်ကို ရောက်တော့ အဲ့ဒီမှာမနေချင်ဘူး၊ PDF အဖွဲ့ထဲသွားပြီး သေပဲသေသေဆိုပြီး အလင်းဝင်လာတာ၊ သူတို့ရဲ့ဓါတ်ခံလေးတွေကလည်း စစ်ကောင်စီကို ရွံမုန်းတဲ့ဓါတ်ခံရှိပါတယ်၊” လို့ ဘက်ပြောင်း တပ်သားတွေပြောပြချက်ကို ကိုးကားပြီး ဗိုလ်အောင်မောင်းက ပြန်ပြောပါတယ်။
တပ်သားချစ်စမ်းကို ဆုကြေးငွေ ၃၅ သိန်းကျပ်၊ တပ်သား မြင့်စိန်နဲ့ တပ်သား စည်သူကျော် တို့ကို ၁ ဦးကို ဆုကြေးငွေ ၁၀ သိန်းကျပ်ဆီ ဆုချီးမြှင့်ခဲ့ပြီး ၃ ဦးစလုံးက သူတို့ရဲ့ ဇာတိတွေကိုပြန်ပြီး PDF တွေနဲ့ပူးပေါင်းကာ စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်သွားမယ်လို့သိရကြောင်း ဗိုလ်အောင်မောင်းက ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဧပြီ ၃၀ ရက်အထိ Southern YSO PDF ဆီကို ဘက်ပြောင်း ခိုလှုံလာသူ ရဲတပ်သားနဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၃၀ ကျော်ရှိပြီလို့ အဲ့ဒီအဖွဲ့ဆီကသိရပါတယ်။
စာတည်း – လင်း