myaelatt athan

Sharing Information to the Local

ချောင်းဦးမှာ စစ်ကောင်စီတပ်ကို ၁ ရက်အတွင်း ၃ ကြိမ်တိုက်ခိုက်

ချောင်းဦး၊ ဧပြီ ၂၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၁ ရက်အတွင်း ၃ ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကေင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ က ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၂၀ ရက်မနက် ၅ နာရီကျော်မှာ ချောင်းဦးမြို့မရဲစခန်းကနေထွက်ခွာလာတဲ့ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းကို မြို့ရဲ့အရှေ့ဘက် ‘ဟန်သစ်’ ဆီဆိုင်အနီးအရောက်မှာ ပဒေသာမိုင်းတွဲ ၁၀ လုံးနဲ့ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တာလို့ဆိုပါတယ်။

“အပြန်အလှန်ပစ်ခတ်မှုမရှိဘူး။ စကစဘက်ကတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်ကြာ ပစ်ခတ်တာရှိတယ်။ ကျနော်တို့ရဲဘော်တွေထိခိုက်တာမရှိဘူး” လို့လျှပ်စီးတပ်ခွဲ တပ်ခွဲမှူး မိုးကြိုး ကပြောပါတယ်။

အလားတူ အဲ့ဒီနေ့မနက် ၁၀ နာရီကျော်မှာ မုံရွာမြို့အခြေစိုက် နမခကနေ ချောင်းဦးမြို့ကိုထွက်ခွာလာတဲ့ သံပြားကာကား ၈ စီးထဲက ရှေ့ဆုံးကား ၂စီးကို ငါးယှန်ရွာအနီးအရောက်မှာ ပဒေသာမိုင်း ၂၀ လုံးနဲ့ ဒုတိယအကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ် လို့ဆိုပါတယ်။

“ကား ၂ စီးဆွဲတာ ၁ စီးကတော့ လုံးလုံးထိုး ရပ်သွားတယ်။ နောက် ၁ စီးကတော့ ကာထားတဲ့သံပြားတွေ၊ မိုးကာတွေအကုန်လုံး ကျွတ်ထွက်သွားတယ်။”လို့ တပ်ခွဲမှူးမိုးကြိုး ကပြောပါတယ်။

အခုလိုစစ်ကြောင်းနဲ့စစ်ယာဉ်တန်းတွေ တိုက်ခိုက်ခံရတဲ့ ငါးယှန်ရွာအနီးကို ချောင်းဦးမြို့မရဲစခန်းမှ လုံခြုံရေးယူပေးဖို့ထွက်လာတဲ့ အင်အား ၅၀ ကျော်ပါခြေလျင်စစ်ကြောင်းကိုလည်း မနက် ၁၁ နာရီကျော်မှာ ဒရုန်းနဲ့ ၄ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထပ်မနည်းထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကို နယ်မြေကင်းထောက်ရဲ့ ခိုင်မာတဲ့သတင်းပေးမှုကြောင့် အတည်ပြုခဲ့ပြီး ဒီတိုက်ခိုက်မှုဖြစ်စဉ်တွေကိုလည်း လုံခြုံရေးအခြေအနေကြောင့် နောက်ကျမှထုတ်ပြန်နိုင်ခဲ့တာလို့ မိုးကြိုးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ ၊ မုံရွာခရိုင် ပကဖ Drone လက်ရုံးတပ်၊ Nway Oo Brother Coloum (နွေဦးညီကိုများစစ်ကြောင်း)၊ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ ချောင်းဦးမြို့ပေါ်ကိုရောက်ရှိနေပြီး တိုက်ခိုက်ခံရတဲ့နေရာ အနီးမှာလည်း စစ်ကောင်စီဘက်က ကင်းပုန်းတွေဝပ်ထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။