myaelatt athan

Sharing Information to the Local

မုံရွာမှာ လျှပ်စစ်မီး ၁ ရက် ၂၃ နာရီပြတ်နေလို့ မြို့ခံတွေအခက်တွေ့နေပြီး စစ်တပ်ကိုးကွယ်တဲ့ဘုန်းကြီးပျံပွဲရှိရာကို မီးပေးထားရတာကြောင့်လို့ဆို

မုံရွာ၊ ဧပြီ ၂၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရပ်ကွက်တွေမှာ ၁ ရက်မှာ လျှပ်စစ်မီး ၂၃ နာရီပြတ်တောက်ပြီး ၁ နာရီသာရရှိတာကြောင့် အခက်ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့ပေါ် ဒေါနခြံ၊ လယ်တီ၊ အောင်မင်္ဂလာ၊ ဂွေးကြီး၊ အောင်ချမ်းသာ၊ ရုံးကြီး၊ ချမ်းမြသာစည်၊ ချမ်းမြဝတီ၊ သလ္လာ၊ ဆူးလေကုန်းစတဲ့ရပ်ကွက်တွေမှာ ဧပြီ ၁၈ ရက်ကစတင်ကာ ယနေ့အထိ ၁၀ ရက်ခန့်ကြာ အထက်ပါအတိုင်းပြတ်တောက်နေတာလို့ ဆိုပါတယ်။

” ဘုန်းကြီးပျံရှိလို့တဲ့ အဲ့ဘက်ကို မီးပေးနေရလို့ မီးအားမနိုင်တာမို့ ကျန်တဲ့ရပ်ကွက်တွေကိုဖြတ်ထားရတာလို့ ပြောတယ်”လို့ မုံရွာလျှပ်စစ်ရုံးရဲ့ဖြေကြားချက်ကို ဒေါနခြံရပ်ကွက်နေ အမျိုးသမီးတဦးက ပြောပါတယ်။

မုံရွာအခြေစိုက် နမခတိုင်းမှူးအပါ စစ်တပ်အရာရှိကြီးတွေကိုးကွယ်တဲ့ ရန်ကင်းရပ်ကွက်ရှိ ရန်ကင်းကျောင်း ကျောင်းထိုင်ဘုန်းကြီးဟာ ဧပြီ ၁၈ ရက်မှာ ပျံ လွန်ခဲ့ပြီး ၎င်းဘုန်းကြီးပျံပွဲကျင်းပနေတာကြောင့် ရန်ကင်းရပ်ကွက်တခုတည်းသာမီးရရှိကာ ကျန်ရပ်ကွက်တွေမှာ အခုလို ၁၀ ရက်ခန့်ကြာ မီးပြတ်တောက်နေတာလို့ ဆိုပါတယ်။

“ ပေးတဲ့ ၁ နာရီကလည်း မီးအားမနိုင်လို့လား မသိဘူး ၊ ၅ မိနစ်ပျက် ၅ မိနစ်လာ ဘာမှလုပ်လို့ကို မရဘူး” လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

လျှပ်စစ်မီးရရှိချိန် ၁ နာရီမှာလည်း အပြည့်အဝမရရှိတာကြောင့် သုံးရေရရှိဖို့အတွက် အိမ်တိုင်ရာရောက် မီးစက်အသုံးပြုရေတင်ပေးသူတွေကို ငွေကျပ် ၂၀၀၀၀ ကျော် ပေးဆောင်ကာ နေ့စဥ်အသုံးပြုနေရတယ်လို့ သိရပါတယ်။

ယခင်က လျှပ်စစ်မီးပြတ်တောက်ချိန် စည်ပင်ရေရရှိပေမယ့် လက်ရှိမှာ စည်ပင်ရေပါမလာတော့တာကြောင့် မြို့ခံတွေအနေနဲ့ သုံးရေအဓိက အခက်အခဲဖြစ်နေတယ်လို့ ဆိုကြပါတယ်။

ပုံစာ – မုံရွာမြို့ ရန်ကင်းဘုန်းကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူချိန် ကျောင်းအဝင်ပေါက်ကို တွေ့ရစဉ်။

“ ပေးတဲ့ ၁ နာရီကလည်း လူအိပ်ချိန်တွေပဲလာတော့ ရသလောက်တော့ ရေတင်ရတာ၊ အိပ်ရေးတွေလည်း ပျက်လို့” လို့ အောင်မင်္ဂလာရပ်ကွက်က အိမ်ထောင်ရှင်မတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိမုံရွာမြို့မှာ နေ့အပူချိန် ၄၁ ဒီဂရီဆဲလ်ဆီးယပ်စ်ထိ ရောက်ရှိနေပြီး လျှပ်စစ်မီးမလာတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေဟာ အပူဒဏ်ကို အပြင်းအထန် ခံစားနေရတယ်လို့လည်း သူကဆက်ပြောပါတယ်။

ဧပြီ ၂၆ ရက် ယမန်နေ့ ညနေ ၂ နာရီခွဲမှာ ရန်ကင်းကျောင်းထိုင်ဘုန်းကြီးရဲ့ ရုပ်ကလာပ်ကို စျာပနသင်္ဂြိုဟ်ပွဲပြုလုပ်ပြီးစီးပြီဖြစ်ပေမယ့် ဒီကနေ့ ဧပြီ ၂၇ ရက်အထိ လျှပ်စစ်မီးဆက်လက်ပြတ်တောက်နေဆဲဖြစ်ပြီး မြို့ခံတွေအနေနဲ့ ယခင်ကလို ၂၄ နာရီမှာ ၈ နာရီခန့် လျှပ်စစ်မီး ပုံမှန်ပြန်ရဖို့ မျှော်လင့်နေကြတယ်ပါတယ်။

ပုံစာ – မုံရွာမြို့ ရန်ကင်းဘုန်းကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူချိန် ကျောင်းအဝင်ပေါက်ကို တွေ့ရစဉ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။