ရေစကြို၊ ဧပြီ ၁၈၊ ၂၀၂၅။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်လို့ ခြေပြတ်ခဲ့တဲ့ အသက် ၈၀ နှစ်အရွယ်အဖိုး ၁ ဦး သွေးထွက်လွန်ပြီး သေဆုံးခဲ့တယ်လို့ Yesagyo Township Info Committee က တာဝန်ရှိသူတဦးက ပြောပါတယ်။
ရေစကြိုမြို့နယ်၊ ဗလဘအုပ်စု ဗလဘကျေးရွာကို ဧပြီ ၁၇ ရက် မနေ့ ညနေ ၄ နာရီခွဲလောက်မှာ လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အဖိုးဦးအောင်သန်းနဲ့ နောက်ထပ် ဒေသခံတချို့ထိခိုက်ခဲ့ပြီး ဦးအောင်သန်းကတော့ ဒီနေ့မနက်ပိုင်းမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“အဘိုးအိုက ခြေတဖက်ပြတ်ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး ဆုံးသွားတာ” လို့ Yesagyo Township Info Committee က တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတဲ့အပြင် ရော့ကတ်နဲ့ပါပစ်တဲ့အတွက် ကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့ ကျောင်းအနီးက အိမ်တွေကိုထိသွားတာလို့ သူကဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မိတ္ထီလာလေတပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာ ၁ စီးကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပေါင် ၃၀၀ ဗုံးသီး ၃ လုံး ကြဲချခဲ့တာလို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။
ဒါ့အပြင်ကျေးရွာဘုန်းကြီးကျောင်းနဲ့ နေအိမ်အဆောက်အအုံအချို့လည်း ပျက်စီးခဲ့တယ်လို့ ရေစကြိုဒေသခံတဦးက အတည်ပြုပြောပါတယ်။

“ပေါင် ၃၀၀ ဗုံးတွေ ကြဲသွားတာ၊ ဘုန်းကြီးကျောင်းနဲ့ အနီးအနားမှာရှိတဲ့ အိမ်တချို့ပျက်စီးသွားတယ်၊ အသက် ၈၀ အရွယ် လူကြီးပိုင်းတဦးခြေထောက်ပြတ်သွားတယ်၊ဘုန်းကြီးကျောင်းဝိုင်းထဲက အဆောက်အဦတချို့ ပျက်စီးသွားတယ်၊ မီးစက်ထားတဲ့အဆောက်အဦလည်း ပျက်စီးတယ်”လို့ ရေစကြိုမြို့ခံတဦးက ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့လို့ နေအိမ် ၁ လုံးမီးလောင်ကာ ဘုန်းတော်ကြီးကျောင်းက အဆောက်အဦ ၁ လုံး၊ မီးစက်ရုံ၊ အုတ်တံတိုင်းနဲ့ အခြားနေအိမ် ၉ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဗလဘကျေးရွာမှာ အိမ်ခြေ ၃၀၀၊ အိမ်ထောင်စု ၃၅၀နဲ့ လူဦးရေ ၃ ထောင်ကျော်နေထိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ကလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ သာဂေါင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း ပျက်စီးဆုံးရှုံးသွားခဲ့ပါသေးတယ်။
မတ် ၂၈ မှာလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် ပျက်စီးခဲ့တာတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ဆိုကာ ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ယာယီအပစ်ရပ်ထားကြောင်း ကြေညာခဲ့ပြီးနောက် နေ့စဉ်ဆိုသလို အရပ်သားနေအိမ်တွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ပြုလုပ်နေတာလည်းဖြစ်ပါတယ်။
ပုံစာ – ဗုံးကြဲတိုက်ခိုက်ခံရသည့် ဗလဘကျေးရွာက နေအိမ်အဆောက်အဦတချို့။
သတင်း – မောင်ဆွေအင်း၊ ဒိန်းဂျား၊ စာတည်း – လင်း