စလင်း၊ ဧပြီ ၁၅၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း၀င်ရောက်လာတဲ့စစ်ကြောင်းထဲက စစ်ကောင်စီတပ်သား ၁ ဦးကို ဧပြီ ၁၄ ရက်မှာ ဖမ်းမိခဲ့တယ်လို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
အဖမ်းခံရသူဟာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ က အသက် ၂၄ နှစ်အရွယ် တပ်သားဖိုးအေးဖြစ်ပြီး စစ်ကြောင်းထဲကထွက်ပြေးလာချိန်မှာ ဖမ်းမိခဲ့တာဆိုပါတယ်။
“စစ်ကြောင်းထိုးလာတဲ့ တပ်မ ၁၀၁ တပ်နဲ့ သူကပါလာတာ၊ သူက အဲ့ဒီစစ်ကြောင်းထဲက ထွက်ပြေးလာတာ၊ မိုင်းတိုးပြီးလာတာ၊ ၂ ဦးလာတာလို့ပြောတယ်၊ ၁ ဦးကတော့ အတည်ပြုလို့မရသေးဘူးဖြစ်နေတာ၊ သူကတော့ လက်နက်ခဲယမ်းတွေ မပါဘူးဗျ၊ လူချည်းပဲထွက်ပြေးလာတာ။”လို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျားခေါင်းဆောင် ဗိုလ်သတ္တိက ပြောပါတယ်။
ဖိုးအေးဟာ ဧရာဝတီတိုင်း၊ မော်ကျွန်းနဲ့ ကျိုက်ပိကြားမှာ ပေါ်တာဆွဲခံခဲ့ရကာ ရဲမွန်မြို့မှာ စစ်သင်တန်း အပတ်စဉ် ၅ ကို ၃ လတက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားဖြစ်လာတာလို့ ဆိုပါတယ်။
“သူက နဂိုကတည်းက ပြေးဖို့ကြံနေတာ၊ စစ်ကြောင်းက မိုင်းမိတဲ့အချိန်မှာ မရမကပြေးထွက်လာတာ၊ ကျနော်တို့ထောင်ထားတဲ့ မိုင်းတွေကိုတောက်လျှောက်တိုးလာတာ၊ သူ့တကိုယ်လုံးမှာ မိုင်းထိထားတဲ့ ဒဏ်ရာတွေနဲ့ဆိုတော့ အချက် ၂၀ လောက်ချုပ်ရတယ်၊” လို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျားခေါင်းဆောင်ဗိုလ်သတ္တိက ပြောပါတယ်။
တပ်သားဖိုအေးကတော့ လက်ရှိမှာ ကာကွယ်ရေးတပ်ဖွဲ့၀င်တွေနဲ့အတူနေပြီး စစ်ကောင်စီကို တော်လှန်သွားမယ့်ဆန္ဒရှိတယ်လို့ ဗိုလ်သတ္တိကဆက်ပြောပါတယ်။
လက်ရှိအချိန်ထိ ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီကို ထွက်ပြေးလာသူ စုစုပေါင်း ၂ ဦးရှိပြီလို့ သိရပါတယ်။

စာတည်း – လင်း