တန့်ဆည်၊ ဧပြီ ၁၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လယ်မရွာက ဘုန်းကြီးကျောင်းကို ဧပြီ ၁၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။
ညနေ ၃ နာရီ ၃၅ မိနစ်ခန့်မှာ ၁ ကြိမ်၊ ညနေ ၃ နာရီ ၃၉ မိနစ်မှာ ၁ ကြိမ် မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးက လယ်မကျေးရွာ ဘုန်းကြီးကျောင်းကို ပေါင် ၂၅၀ ဗုံးသီး ၄ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။



“ပထမဆုံး ဗုံး ၁ လုံးကျတာကတော့ စေတီပေါ်မှာကျတဲ့အခါမှာ စေတီထီးတော်မြေခသွားတယ်၊ ဒုတိယ ၁ လုံးနဲ့ တတိယ ၁ လုံးကတော့ လယ်မကျေးရွာဘုန်းတော်ကြီးကျောင်း နှစ်ထပ်ဆောင်ပေါ်ကို တည့်တည့်ကျသွားတော့ ဘုန်းတော်ကြီးကျောင်းလည်း မီးလောင်ပျက်စီးသွားတယ်၊ စတုတ္ထ ၁ လုံးကတော့ ဘုန်းတော်ကြီးကျောင်းရဲ့ မီတာ ၄၀ အကွာက ပြည်သူ့နေအိမ်ပေါ်ကျတဲ့အခါမှာ အိမ်လည်းပျက်စီးသွားတယ်”လို့ ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစုမှ ရဲဘော် မြတ်ကိုက ပြောပါတယ်။



ဗုံးကြဲချိန် လယ်မကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဥပုသ်စောင့်နေတဲ့ အသက် ၅၂ နှစ် အရွယ် ဦးညွန့်လင်း၊ အသက် ၃၄ နှစ် အရွယ် ဒေါ်အေးအေးအောင်၊ အသက် ၆၇ နှစ် အရွယ် ဒေါ်ဝင်း၊ ဒဏ်ရာရပြီး အသက် ၃၅ နှစ် အရွယ် ဒေါ်စန်းတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘုန်းတော်ကြီးကျောင်း နှစ်ထပ်ဆောင် မီးလောင်ပျက်စီးပြီး ပြည်သူ့နေအိမ် ၁ လုံး ပျက်စီးသွားတယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု ရဲဘော် မြတ်ကိုက ပြောပါတယ်။
လယ်မကျေးရွာ အိမ်ခြေ ၃၀၀၊ အိမ်ထောင်စု ၃၅၀ နဲ့ လူဦးရေ ၂ ထောင်ကျော်ရှိပြီး ဒေသခံတွေတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
ဧပြီလ ဒုတိယပတ်အတွင်းမှာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်လာတဲ့အတွက် ဒေသခံထိခိုက်သေဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျခတ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုရင် ၃ ပါး၊ ကျောင်းသား ၁ ဦး၊ စစ်ရှောင် ၂ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း