ဝမ်းတွင်းမြို့အနီး လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မြောက်ပြင်က သုံးထပ်ခွဲတိုက် ပြိုကျ

0 13
0 13

မန္တလေး၊ ဧပြီ ၁၃၊ ၂၀၂၅။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၉ မိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင်ဒဏ်ကြောင့် မန္တလေးမြို့၊ မြောက်ပြင်ဘက်က သုံးထပ်ခွဲတိုက် ပြိုကျပျက်စီးသွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ဧပြီ ၁၃ ရက် ဒီမနက် ၈ နာရီ ၅၄ မိနစ်မှာ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၅ ဒဿမ ၅ အဆင့်ရှိ ငလျင်ကြောင့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၊ ၈ လမ်း ၈၇ × ၈၈ ကြားရှိ မြောက်ပြင်ဘက်က သုံးထပ်ခွဲတိုက် ၁ လုံး ပြိုကျပျက်စီးခဲ့တာပါ။

“အိမ်ရှင်တွေကတော့ ထိုင်းမှာမို့ လူအထိအခိုက် မရှိဘူးဗျ၊ အိမ်ကတော့ ရစရာမရှိအောင် ဝုန်းခနဲ ပြိုကျသွားတာ ကျနော့်မျက်စိရှေ့တင်၊ အဲ့အိမ်က ငလျင်ကြီးလှုပ်ပြီးကတည်းက အောက်ဆုံးအထပ်က ကားထွက်နေတာ၊ အိမ်ထောင်ပရိဘောက ပစ္စည်းတွေတော့ အကုန်လုံးဆုံးရှုံးသွားမှာ။”လို့ မြောက်ပြင်မှာနေထိုင်တဲ့ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီပြိုကျပျက်စီးသွားခဲ့တဲ့ အဆောက်အဦဟာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အုတ်နံရံတွေ အက်ကွဲပျက်စီးထားတဲ့အိမ်ဖြစ်ပြီး ဧပြီ ၁၃ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင်ကြောင့် ပြိုကျသွားခဲ့တာလို့ ဆိုပါတယ်။

မန္တလေးမြို့၊ မြောက်ပြင် ၈ လမ်းဘက်က နေအိမ်တွေဟာ ဆောက်လုပ်ထားတာ လပိုင်းလောက်သာ ရှိပြီး ပြိုကျပျက်စီးသွားခဲ့တဲ့ အဆောက်အအုံတိုင်းဟာလည်း နှစ်ထပ်ခွဲ၊ သုံးထပ်ခွဲ တိုက်အသစ်တွေ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီမနက်လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့ခံတွေဟာ နောက်ဆက်တွဲငလျင်ကြီး ထပ်လာမှာကို စိုးရိမ်နေကြပြီး အဆောက်အအုံတွေရဲ့ အပြင်ဘက်မှာပဲ ယာယီနေထိုင်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပုံစာ – ဧပြီ ၁၃ ရက် မနက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြိုကျသွားတဲ့ သုံးတိုက်ခွဲတိုက်ကို တွေ့ရစဉ်။

မိုးဇလထုတ်ပြန်ချက်အရ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးနောက်ပိုင်းမှာ နောက်ဆက်တွဲငလျင် ၁၂၈ ကြိမ် လှုပ်ခတ်ခဲ့ပြီး ရစ်ချ်တာစကေး ၅ ဒသမ အထက်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ် စုစုပေါင်း ၆ ကြိမ်လှုပ်ခတ်ပေမယ့် ဧပြီ ၁၃ ရက် မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်က အင်အားအပြင်းဆုံးလို့ ဆိုပါတယ်။

သတင်း – ခေတ်သဒ္ဒါ၊ စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။