စလင်း၊ ဧပြီ ၅၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်မှာဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို ဧပြီ ၅ ရက်မှာဖမ်းမိခဲ့တယ်လို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
ဖမ်းမိသူဟာ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ ကအသက် ၂၁ နှစ်အရွယ် တပ်သားချစ်ဖွေးဖြစ်ပြီး စလင်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းနဲ့ ကံပြား-ကျွန်းတောလမ်းကြားမှာ ကင်းပုန်းဝပ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
“သူကဒီဘက် (စလင်း)ကို စစ်ကူလာရတာ၊ ဒီဘက်ကိုရောက်တာ ၄ ရက်ပဲရှိသေးတယ်၊ လက်နက်ခဲယမ်းတွေ မပါဘူးဗျ၊ လူချည်းပဲဖမ်းဆီးမိတာ” လို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျားခေါင်းဆောင်ဗိုလ်သတ္တိက ပြောပါတယ်။
ချစ်ဖွေးဟာ ၂၀၂၄ စက်တင်ဘာ ၈ ရက်က ဟုမ္မလင်းလေယာဥ်ကွင်းမှာ ပေါ်တာဆွဲခံခဲ့ရပြီး စစ်သင်တန်း ၁ လတက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားဖြစ်လာတာလို့ ဆိုပါတယ်။
“ဟုမ္မလင်းလေယာဉ်ကွင်းမှာ သူပေါ်တာဆွဲခံရတာ၊ ရမည်းသင်းမှာ သင်တန်းတက်ခဲ့ရတာ၊ အပတ်စဉ် ၆ သင်တန်းဆင်းဗျ၊ ၁ လပဲ သင်တန်းတက်ခဲ့ရတယ်” လို့ တပ်သားချစ်ဖွေးရဲ့ပြောပြချက်ကို ဗိုလ်သတ္တိက ပြန်ပြောပါတယ်။
ဒါ့အပြင် သူဟာပေါ်တာဆွဲမခံရခင်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေထဲမှာ တာဝန်ထမ်းဆောင်ဖူးတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ တပ်သားချစ်ဖွေးကို ဒေါင်းညီနောင်မြို့ပြပြောက်ကျာ်းတပ်ဖွဲ့မှာ စောင့်ရှောက်ထားကာ သူ့ဇာတိကိုပြန်ဖို့တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
သတင်း – ဒိန်းဂျား၊ စာတည်း – လင်း