မြိုင်၊ အောက်တိုဘာ ၅၊ ၂၀၂၆။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာ အနောက်မြောက်ဘက် ပေ ၁၅၀ အကွာ တောစပ်မှာ သတ်ဖြတ်ခံရပြီး အရိုးကျနေတဲ့ အလောင်း ၁၂ လောင်းတွေ့ရှိခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း မြိုင် တာဝန်ရှိသူတွေထံက သိရပါတယ်။
မနေ့က အောက်တိုဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာ ရွာသားတဦးဟာ မှိုရှာသွားခရင်း အရိုးစုတွေကိုတွေ့ရှိခဲ့လို့ ရွာခံတွေနဲ့ တော်လှန်ရေးအဖွဲ့တာဝန်ရှိသူတွေကို အကြောင်းကြားပြီး သွားရောက်တူးဖော်ခဲ့ရာ လူ ၁၂ ဦးရဲ့ အရိုးစုတွေကိုတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
“အကုန်လုံး ဝိုင်းအုံတူးဖော်တဲ့အခါ ညနေပိုင်းမှ အစုံတွေ့ရတယ်။ ကျနော်တို့ သိထားတာ ၁၂ ယောက်ဆိုတော့ ပထမတကျင်းတူးတာမှာ ၆ လောင်းပဲတွေ့တော့ ဒါတင်မကဘူး ထပ်ရှာဦးဆိုတော့ မလှမ်းမကမ်း ၁၅ ပေလောက်အကွာမှာ မြေသားကျင်းတကျင်းတွေ့လို့ ထပ်တူးတဲ့အခါမှ ၆ လောင်းထပ်ရတယ်” လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်းမြိုင်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီအရိုးစုထဲကလူတွေကို စတင်ဖမ်းဆီးခံရစဉ်ကတည်းက အစုအလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းအချက်အလက်ရထားပေမယ့် အလောင်းတွေ ရှာမရတာကြောင့် အဲ့ဒီအမှုကို ဆက်လက်မဖေါ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး အခု အရိုးစုနဲ့ ပစ္စည်းတွေကိုတွေ့ရချိန် တိုက်ဆိုင်စစ်ဆေးကြည့်ခဲ့ရာ ဖမ်းဆီးသတ်ဖြတ်ခံရပြီး အလောင်းဖျောက်ခံထားရသူတွေ ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


အရိုးစုတွေနဲ့အတူ မပျက်စီးသေးတဲ့ မှတ်ပုံတင်၊ ယာဥ်မောင်းလိုင်စင်၊ ကျောင်းသားကဒ်၊ ဘဏ်စာအုပ်၊ လောက်လေးခွ၊ ရေဘူး၊ အရက်ဘူးနဲ့မီးခြစ်တွေကို တွေ့ရတယ်လို့ ဆိုပါတယ်။
သတ်ဖြတ်ခံထားရသူတွေဟာ အမျိုးသား ၁၂ ဖြစ်ပြီး မြိုင်မြို့နယ်ထဲက ဂွေးကုန်းကျေးရွာသားတွေဖြစ်တဲ့ အောင်ဇင်ဟိန်း၊ ကျော်ဌေး၊ မင်းဇော်ဦး၊ အောင်မိုး၊ ဦးဩ၊ ဌေးမြင့်၊ သော်ဇင်ထိုက်၊ ဆန်းလင်းမောင်၊ ဖြိုးဝေမောင်၊ မကျီးကုန်းကျေးရွာသား ထွန်းသိန်း၊ သဲချောင်းကျေးရွာသား အုန်းလင်းနဲ့ မကျည်းကန်ကျေးရွာသားတဦးတို့ ဖြစ်ပါတယ်။
သူတို့ ၁၂ ဦးကို လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့က စက်မှု ၂ လက်အောက်ရှိ ဝဲတူးရေနံမြေကိုလာတဲ့ စစ်တပ်စစ်ကြောင်းက အဲ့ဒီရေနံမြေဆီကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၂ ရက်အကြာ ဇွန်လ ၁၁ ရက်နေ့က ရေနံမြေကနေ ဝက်ပုတ်ကျေးရွာဘက်ကို စစ်ကြောင်းပြန်ထိုးရင်း သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။


ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိတ်တိုက် တိုက်ပွဲဖြစ်နေချိန် ဖမ်းဆီးခံရသူတွေရဲ့ အချက်အလက်တွေပါတဲ့ စာရင်းစာရွက်ကိုရရှိထားပြီး သတ်ဖြတ်ခံရတယ်ဆိုတာကို သတင်းရပေမယ့် ဘယ်နေရာမှာ သတ်ဖြတ်မြှုပ်နှံထားတယ်ဆိုတာကို မသိခဲ့ဘူးလို့ ပြောပါတယ်။
အခုတွေ့ရှိခဲ့တဲ့ အရိုးစုတွေကိုတော့သက်ဆိုင်ရာ မိသားစုဝင်တွေထံ အကြောင်းကြားပြီး စနစ်တကျပြန်လည် မြှုပ်နှံဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။