ချောင်းဦး၊ ဧပြီ ၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဧပြီ ၁ ရက် သန်းခေါင်ကျော်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၇၀ ကျော် မီးလောင်ပြာကျသွားခဲ့တယ်လို့ Chaung U Revolution ဆီကသိရပါတယ်။
မြင်းမူနဲ့ မုံရွာကားလမ်းပိုင်းကို လုံခြုံရေးယူဖိုထွက်လာတဲ့ မုံရွာအခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်က အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက ငါးယှန်ရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
“မီးရှို့တဲ့အကြိမ်ရေက တော်တော်များနေပြီဗျ။ သူတို့(စကစ)တိုက်ခိုက်ခံရတဲ့အချိန်တိုင်းမှာ ရှို့တယ်။ လမ်းပိုင်း လုံခြုံရေးယူတဲ့အချိန်တွေမှာလည်း ရှို့တယ်ဗျ။ အခုကရွာအနီးမှာရောက်နေတဲ့ လမ်းပိုင်း တာဝန်ကျတဲ့ စစ်ကောင်စီတပ်သားတွေရှို့တာ။”လို့ Chaung U Revolution မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧပြီလ ၃ ရက် ဒီကနေ့အချိန်ထိ ငါးယှန်ကျေးရွာအနီးရှိ ချောင်းဦး-မုံရွာကားလမ်းမပေါ်မှာ ရှိနေသေးတာကြောင့် ကျေးရွာခံပြည်သူတွေအနေနဲ့ ဘေးလွတ်နေရာတွေမှာ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီက အမြဲတမ်းဝင်လိုက်ထွက်လိုက်ဆိုတော့ သူတို့(စကစ)ဝင်တဲ့အချိန် အမြဲရှောင်ကြရတယ်။ ရွာသားတွေက ဖြစ်သလို ရှိတာစားပြီးနေကြတာ။ စစ်ကောင်စီလာရင် ရှောင်နေရတော့ အခက်အခဲတွေအများအပြားရှိကြတယ်ဗျ။”လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
အိမ်ခြေ ၁,၃၀၀ ကျော်ရှိတဲ့ ငါးယှန်ကျေးရွာဟာ မုံရွာ-မန္တလေးကားလမ်းမဘေး ချောင်းဦးမြို့ရဲ့အရှေ့ဘက်မှာ တည်ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ မေ ၁၁ ရက်ကလည်း ငါးယှန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်ပြီး ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး လူနေအိမ် ၂၀၀ ခန့်မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ အောက်တိုဘာအထိ ၃ နှစ်ကျော်အတွင်း နိုင်ငံတဝန်းမှာ မီးရှို့ ဖျက်ဆီးခံရတဲ့ လူနေအိမ်ပေါင်း ၁ သိန်းခွဲကျော် (၁၀၆,၉၅၀) ရှိပြီး အဲဒီထဲက ၇ သောင်းကျော် (၇၄,၄၁၄) ဟာ စစ်ကိုင်းတိုင်းကဖြစ်တယ်လို့ Data for Myanmar ရဲ့ အခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်ထုတ် အစီရင်ခံစာမှာဖော်ပြပါတယ်။
ပုံစာ – ၂၀၂၃ မေလ ၁၁ ရက်မှာ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။ (ပုံဟောင်း)
စာတည်း – လင်း