စစ်ကိုင်း၊ ဧပြီ ၃၊ ၂၀၂၅ ။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်အတွင်းရှိ တရုတ်ကြေးနီစီမံကိန်းအနီးက ကျေးရွာတွေကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထိုးနေလို့ ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။
ဧပြီ ၂ ရက် မနေ့ညပိုင်းကစတင်ကာ ဝမ်ပေါင်ကုမ္ပဏီကတပ်ဖွဲ့နဲ့ မုံရွာ နမခ ကလာတဲ့ စစ်ကောင်စီတပ်ပူးပေါင်းအင်အား ၁၃၀ ခန့်ဟာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ရွာတွေကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။


“ ဝမ်ပေါင်ကုမ္ပဏီထဲကလည်း အင်အားတွေထွက်တယ်၊ နမခ ဘက်ကလည်း အောင်ဇေယျတပ်ကုန်းကို တက်လာပြီး စစ်ကြောင်းကညှပ်ထိုးလာတာ၊ စစ်ကြောင်းက ၂ ကြောင်း ညှပ်ထိုးလာတာ။” လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု ရဲဘော် မြတ်ကို က ပြောပါတယ်။
စစ်ကြောင်းထိုးလာလို့ ဆားလင်းကြီးမြို့နယ် ယမားတံတားတောင်ဘက်က ဒုံးတောရွာ၊ ဂုံတောရွာ၊ ရွာသာရွာ၊ ယင်းမာပင်မြို့နယ် ယမားမြောက်ဘက်က ကျေးစာကျရွာ၊ ဘိန်းနွယ်ချောင်ရွာ၊ ပေကုန်းရွာတွေနဲ့ အနီးတဝိုက်ကျေးရွာတွေက ဒေသခံ ၁၀,၀၀၀ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။


မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးနဲ့နေပြည်တော် ဒေသတွေမှာ လူသေဆုံးမှုများပြားခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ NUG အစိုးရဘက်က ခုခံကာကွယ်စစ်ကလွဲရင် ထိုးစစ် ၂ ပတ်ရပ်နားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ယမန်နေ့ညပိုင်းမှာ ထုတ်ပြန်ခဲ့ပေမယ့် မနေ့ညပိုင်းမှာပဲ ဆားလင်းကြီးဒေသကို စစ်ကြောင်းထိုးနေသလို မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းကိုလည်း ဧပြီ ၁ ရက်ကစတင်ကာ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာပါ။
“ စစ်ဘေးရှောင်စခန်းရှိပြီး လူစုစုဝေးဝေးရှိရင်လည်း စက်တပ်လေထီး Paramotar နဲ့လာပြီးတော့ ဗုံးခဏခဏ ကြဲချတယ်။ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်သတ်နေတာ။” လို့ ရဲဘော် မြတ်ကို က ပြောပါတယ်။
သတင်း – ဒိန်းဂျား၊ စာတည်း – ဟိန်းစံ
ပုံစာ – စစ်ကောင်စီစစ်ကြောင်းထိုးလာတာကြောင့် ညတွင်းချင်းထွက်ပြေးနေသည့် ယင်းမာပင်ဒေသခံများ