မြေလတ်အသံ၊ ဧပြီ ၃၊ ၂၀၂၆။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် လျှို့ဝှက်မဲခွဲမှာ မဲအများဆုံးနဲ့ သမ္မတ တင်မြှောက်လိုက်ပါတယ်။
မတ်လ ၃၀ ရက်မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်လွှဲအပ်ခဲ့ပြီး မတ်လ ၃၁ ရက်မှာ ပြည်သူ့လွှတ်တော်ကနေ ဒုသမ္မတအမည်စာရင်းတင်သွင်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကမဲခွဲပွဲမှာတော့ မဲအများဆုံးရရှိပြီး သမ္မတရာထူးကို ရယူခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါ မဲခွဲပွဲမှာ ပြည်သူ့လွှတ်တော်ကရွေးချယ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၄၂၉ မဲရရှိကာ သမ္မတဖြစ်လာသလို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရွေးချယ်တဲ့ ဗိုလ်ချုပ်ကြီး(ဟောင်း) ညိုစောက ၁၂၆ မဲနဲ့ ဒုသမ္မတ(၁)၊ အမျိုးသားလွှတ်တော်ကရွေးချယ်တဲ့ ဒေါ်နန်းနီနီအေးက ၂၉ မဲနဲ့ ဒုသမ္မတ(၂) ဖြစ်လာတာလည်း ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသာမှုရှိခဲ့လို့ဆိုပြီး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးပြီးအာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ စစ်တပ်ကချုပ်ကိုင်ထားတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဖန်တီးပြီး ၎င်းလိုချင်နေတဲ့ သမ္မတရာထူးကို ရယူခဲ့တာဖြစ်ပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် စစ်ရာဇဝတ်မှုအမြောက်အမြားအတွက် တာဝန်ရှိသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲထားပြီး လက်ရှိ တရားရင်ဆိုင်နေရဆဲအခြေအနေဖြစ်ပါတယ်။