မြေလတ်အသံ၊ မတ် ၃၁၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မြောက်ခြမ်းက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ဆေးဝါးခက်ခဲနေတယ်လို့ ပုလဲမြို့နယ်လူမှုရေးရာဌာန (DoSA) မှ မအိသူသူမောင် ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ စစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းထိုးမှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ကုန်စျေးနှုန်းမြင့်တက်မှုတွေအပြင် စစ်ရှောင်ဦးရေလည်းများလာတာကြောင့် စားနပ်ရိက္ခာ အခက်အခဲရှိနေပြီး ကူညီထောက်ပံ့ပေးမှုတွေရှိပေမယ့် လုံလောက်တဲ့အခြေအနေမှာမရှိသေးဘူးလို့ ဆိုပါတယ်။
“ခုကျန်နေတာက ဘယ်နေရာလေးတွေကျန်နေတာလဲဆိုတော့ (ပုလဲ)မြောက်ဘက်ခြမ်းကဟာလေးတွေ နည်းနည်းလေးကျန်နေတာပေါ့။ အဓိကတော့ စားနပ်ရိက္ခာပဲ။ တချို့ကကျတော့ ငွေရှိတောင်မှဝယ်မရတဲ့ဟာတွေလည်း ကြားရတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ အခြေအနေမငြိမ်တဲ့အတွက်ကြောင့် တချို့စျေးဆိုင်တွေကလည်း အဲ့ဒီမြောက်ဘက်မှာ မဖွင့်တာတွေလည်းရှိတယ်ပြောတယ်။ စစ်ကြောင်းကလည်း အဲ့ဒီနားလေးတင် ၂ ခုလှုပ်နေတာကို။” လို့ ပုလဲမြို့နယ်လူမှုရေးရာဌာန (DoSA) မှ မအိသူသူမောင် က ပြောပါတယ်။

စစ်ဘေးရှောင်ဦးရေတဖြည်းဖြည်းများလာပြီး နေရာအတည်တကျမရှိဘဲ ပျံ့နှံ့လာနေတာကြောင့် စစ်ရှောင်အားလုံးကို စားနပ်ရိက္ခာလုံလောက်အောင်ထောက်ပံ့မပေးနိုင်ဘဲ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း ကျန်းမာရေးစောင့်ရှောက်မှုတွေပေးရာမှာ အတည်တကျ မပေးနိုင်တဲ့အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။
“အရင်မြေပြင်မှာ စစ်ရှောင်ဆိုရင် ကမ့်ပ်လေးတွေ ၂ ကမ့်ပ် ၃ ကမ့်ပ်လောက်ပဲရှိကြတာလေ၊ ခုကျတော့ စစ်ကိုင်းတိုင်းမှာက စစ်ရှောင်ကများများလာတာပဲရှိတာပေါ့၊ နည်းသွားတယ်ဆိုတာ မရှိဘူးလေ၊ အဲ့ဒီလိုဆိုတော့ကျ လှူရတဲ့သူတွေလည်း နှံ့အောင်မရောက်တော့တာပေါ့၊ အဲ့လိုပဲ NUG အစိုးရအနေနဲ့လည်းပေးတော့ပေးနေတယ်ပေါ့၊ ကျန်းမာရေးဆိုရင်လည်း ဝန်ဆောင်မှုတွေပေါ့နော်၊ ဒါ့မယ့် အရင်လိုအတည်အကျမရှိတော့ဘူးပေါ့၊ သူတို့(စစ်ကော်မရှင်)တွေက အမြဲတမ်းသတင်းကရသလို လေယာဥ်နဲ့ လုပ်နေတာဆိုတော့ ရွေ့လျားအနေနဲ့ သွားနေရတာပေါ့၊” လို့ မအိသူသူမောင်က မြေပြင်မှာကြုံတွေ့ နေရတဲ့ အခြေအနေကို ပြောပါတယ်။

အလားတူ အဆိုပါစစ်ဘေးရှောင်တွေထဲမှာ သွေးတိုးရောဂါရှိနေသူတွေလည်းရှိတာကြောင့် သွေးတိုးရောဂါ ကာကွယ်နိုင်မယ့်ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ပုလဲမြို့နယ်မြောက်ခြမ်းက ချင်ပြစ်၊ ကြာစီ၊ မုသွင်၊ မြောက်ပိတောက်ကုန်း၊ ရှောက်ရင်းကုန်း ရွာတွေက ဒေသခံခန့်မှန်း ၁,၀၀၀ ဝန်းကျင်တိမ်းရှောင်နေကြရတာဖြစ်ပြီး စစ်ကော်မရှင်စစ်ကြောင်းက လည်း အင်အား ၃၀၀ ဝန်းကျင်နဲ့ ချင်ပြစ်ရွာမှာ အထိုင်ချထားတယ်လို့ သိရပါတယ်။