မြေလတ်အသံ၊ မတ် ၃၁၊ ၂၀၂၆။
ပြည်သူ့လွှတ်တော်အစုအဖွဲ့က အမည်စာရင်းတင်သွင်းတဲ့ ဒုသမ္မတလောင်း ၂ ဦးကို ဒီကနေ့ မတ်လ ၃၁ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဆန္ဒမဲပေးအဆုံးအဖြတ်နဲ့ ရွေးချယ်ခဲ့ရာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ဒုသမ္မတအဖြစ် ရွေးချယ်ခံရတယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော်ကနေ အမည်စာရင်းတင်သွင်းတဲ့ ဒုသမ္မတလောင်း ၂ ဦးဖြစ်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါက်တာကျော်ဆွေ တို့ကို ကိုယ်စားလှယ် ၂၆၀ က မဲပေးခဲ့ရာ မင်း အောင်လှိုင် က ၂၄၇ မဲနဲ့ ဒုသမ္မတအဖြစ် တင်မြှောက်ခံရတာလို့ စစ်ကော်မရှင်သတင်းထုတ်ပြန်ရေး တယ်လီဂရမ် News Of Myanmar က ရေးပါတယ်။
တချိန်တည်းမှာပြုလုပ်နေတဲ့ အမျိုးသားလွှတ်တော်အစုအဖွဲ့ က ဒုသမ္မတတင်မြှောက်တာမှာလည်း ဒုသမ္မတအဖြစ် ကြံ့ခိုင်ရေးပါတီက ဒေါ် နန်းနီနီအေး ရွေးချယ်ခံရတယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဒုသမ္မတ ၁ ဦးစီ ရွေးချယ်ပြီးနောက် စစ်တပ်က တင်မြှောက်တဲ့ ဒုသမ္မတညိုစော တို့ ၃ ဦးကနေ သမ္မတ ပြန်လည်ရွေးချယ်မှာဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပဲ သမ္မတဖြစ်လာဖွယ်ရှိနေပါတယ်။