ရန်ကုန်-မော်လမြိုင်လမ်းမှာ ယာဥ်တိုက်မှုဖြစ်ပြီး တက္ကစီယာဥ်ပေါ်ပါ ၃ ဦးစလုံးသေဆုံး

0 6
0 6

ဝေါ၊ မတ် ၃၀၊ ၂၀၂၆။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်အနီး ရန်ကုန်-မော်လမြိုင်လမ်းမှာ ယာဥ်တိုက်မှုဖြစ်ပြီး လူ ၃ ဦးသေဆုံးတယ်လို့ အခင်းဖြစ်စဥ်ကိုကူညီလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

မတ်လ ၂၉ ရက် ယမန်နေ့ည ၇ နာရီခန့်က ညောင်ခါးရှည်စစ်ဆေးရေးဂိတ်နဲ့ ၂ ဖာလုံခန့်အကွာမှာ ရန်ကုန်ဘက်ကို ဦးတည်ရပ်ထားတဲ့ ၁၂ ဘီးကုန်တင်ယာဥ်ကို လားရာတူအတိုင်းမောင်းနှင်လာတဲ့ အငှားတက္ကစီယာဥ်က တိုက်မိခဲ့တာလို့ ဆိုပါတယ်။

” ကျနော်တို့မေးကြည့်တော့ ကုန်ကားကရပ်ထားတာကို အနောက်ကနေ တက္ကစီက ဘယ်ဘက်ခြမ်းကိုဝင်ဆောင့်တာလို့ပြောတယ်။ ၂ စီးစလုံးက လားရာတူပဲ။ ဘယ်လိုဖြစ်ပြီး တိုက်တာလဲဆိုတော့ ဘယ်သူမှလည်းမျက်မြင်မရှိတော့ အဲ့နေရာကလည်းမှောင်နေတယ်။ မျက်မြင်မရှိတော့ ပြောရခက်တယ်။ “လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် တက္ကစီယာဥ်ပေါ်ပါ ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်နေသူတွေဖြစ်တဲ့ အသက် ၂၀ အရွယ်အမျိုးသမီး ၁ ဦး၊ အသက် ၄၀ အရွယ် ယာဥ်မောင်းအမျိုးသားနဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတို့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူတွေကို ဒေသခံလူမှုကူညီရေးအသင်းတွေက ညောင်ခါးရှည်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်ကလည်း ဝေါမြို့နယ်အပိုင် ရန်ကုန်- မော်လမြိုင်လမ်းမှာ စက်ချို့ယွင်းလို့ရပ်ထားတဲ့ ယာဥ်ကို နောက်ယာဥ်ကဝင်တိုက်လို့ ၃ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။