ပခုက္ကူ၊ မတ် ၂၅၊ ၂၀၂၆။
မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် Black God အဖွဲ့ဝင် ၁ ဦး စစ်ကော်မရှင်တပ်ဆီ လက်နက်နဲ့အတူ ဘက်ပြောင်းသွားတယ်လို့ အညာမြေတပ်ပေါင်းစုတာဝန်ရှိသူဆီက သိရပါတယ်။
ဘက်ပြောင်းသွားသူဟာ အသက် ၂၁ နှစ်အရွယ် ဖြူဖွေး (ခ) ကောင်းခန့်ဆိုသူဖြစ်ပြီး မတ်လ ၂၄ ရက် နေ့လယ် ၂ နာရီခန့်မှာ တာဝန်ကျရာနေရာကနေ ကမ္မမြို့ကိုသွားမယ်ဆိုပြီး ထွက်သွားရာမှ စစ်ကော်မရှင်တပ်ဆီ ဘက်ပြောင်းသွားတာလို့ဆိုပါတယ်။
“သူက ရှေ့တန်းမှာတာဝန်ကျနေတာမှ ရှေ့တန်းကခဏနားတဲ့နေ့ခင်း ၂ နာရီလောက်မှာ ကမ္မကိုသွားစရာရှိတယ်ဆိုပြီး ဒေသခံ ၁ ယောက်ကိုလိုက်ပို့ခိုင်းတယ်။ ကွန်မန်ဒါကိုလည်း စျေးဝယ်သွားစရာရှိတယ်ပြောပြီးသွားတော့ ‘ သွားလိုက် ပြန်လာပေါ့’ ဆိုပြီး လွှတ်လိုက်တာ။ အချိန်တန်လို့ပြန်မလာမှစုံစမ်းတော့ ** ဘက်ဝင်သွားတာ သိလိုက်ကြတာ”လို့ အညာမြေတပ်ပေါင်းတာဝန်ရှိသူက ပြောပါတယ်။
ဖြူဖွေး (ခ) ကောင်းခန့်ဟာ ကမ္မမြို့ကတဆင့် ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းကိုသွားတယ်လို့သိရပြီး သူနဲ့အတူ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်ကတည်းက Black God တပ်ဖွဲ့ဆီ ဝင်ရောက်လာသူဖြစ်တယ်လို့ ဆိုပါတယ်။
Black God အဖွဲ့ဟာ LPDF အဖွဲ့ ၁ ခုဖြစ်ကာ အညာမြေတပ်ပေါင်းစုအဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးရှိပြီး စစ်ကော်မရှင်ကို ပူးပေါင်းတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတပ်ဖွဲ့တာဝန်ရှိသူဆီ မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားမျိုးမရှိသေးပါဘူး။
၂၀၂၆ ဇန်နဝါရီ ၁ ရက်ကနေ မတ်လ ၂၅ ရက်အထိ ပခုက္ကူအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တပ်ဖွဲ့ဝင် ၁၅ ဦးခန့် စစ်ကော်မရှင်ဘက်ကို ဘက်ပြောင်းသွားတာကို ကြားသိထားရတယ်လို့ အညာမြေတပ်ပေါင်းစု ဆီက သိရပါတယ်။
စာတည်း – လင်း